တရုတ်ကုမ္ပဏီ Sinovac ၏  ကိုဗစ်-၁၉ ကာကွယ်ဆေး ၁.၂ သန်း အင်ဒိုနီးရှားသို့ ပထမဆုံးအကြိမ် ရောက်ရှိ  

တရုတ်ကုမ္ပဏီ Sinovac ၏  ကိုဗစ်-၁၉ ကာကွယ်ဆေး ၁.၂ သန်း အင်ဒိုနီးရှားသို့ ပထမဆုံးအကြိမ် ရောက်ရှိ  
Photo - AFP

ဒီဇင်ဘာ ၇ 

အင်ဒိုနီးရှားအစိုးရသည် ပြည်သူအများအပြား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးမည့် အစီအစဉ်အတွက်ပြင်ဆင်လျက်ရှိရာ တနင်္ဂနွေနေ့က တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ပထမဆုံးအသုတ်အဖြစ်ရောက်ရှိလာပြီဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။  

အင်ဒိုနီးရှားသည် တရုတ်ကုမ္ပဏီ Sinovac Biotech Ltd. မှ ကာကွယ်ဆေးပမာဏ ၁.၂ သန်းကို လက်ခံရရှိခဲ့သည်ဟု ဂျိုကိုဝီက အွန်လိုင်းအစည်းအဝေးမှတစ်ဆင့် ပြောကြားခဲ့သည်။ အဆိုပါကာကွယ်ဆေးကို အင်ဒိုနီးရှားတွင် ဩဂုတ်လကတည်းက စမ်းသပ်နေခြင်းဖြစ်သည်။ 

အင်ဒိုနီးရှားသည် ဇန်နဝါရီလအစောပိုင်းတွင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁.၈ သန်းကို ထပ်မံရရှိဦးမည်ဟု ဂျိုကိုဝီက ဆိုသည်။ 

Sinovac ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုများကို ဘရာဇီးနှင့် တူရကီနိုင်ငံတို့တွင်လည်း လုပ်ဆောင်နေပြီး ဘရာဇီးတွင်လုပ်ဆောင်နေသော လက်တွေ့စမ်းသပ်မှုများ၏ ကြားဖြတ်ရလဒ်များကို ဒီဇင်ဘာလအလယ်တွင် သိရဖွယ်ရှိသည်။  

အင်ဒိုနီးရှားသည် ကာကွယ်ဆေးထိုးဆေးပေါင်း ၁၅ သန်း ထုတ်လုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းများနှင့် နောက်လတွင် ထုတ်လုပ်မည့် ထိုးဆေး သန်း ၃၀ စာအတွက် ကုန်ကြမ်းများကိုလည်း  ယခုလတွင် ရရှိမည်ဟု သမ္မတ ဂျိုကိုဝီက ထပ်လောင်းပြောကြားခဲ့သည်။  

ကာကွယ်ဆေးသည် အင်ဒိုနီးရှား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (BPOM) ၏ အကဲဖြတ်မှု လိုအပ်ဦးမည်ဖြစ်ပြီး နိုင်ငံ့လူဦးရေ သန်း ၂၇၀ အတွက် ကာကွယ်ဆေး ဖြန့်ဖြူးနိုင်ရန် အစိုးရက ဆက်လက်ပြင်ဆင်လျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required