မန္တလေးတိုင်းအတွင်း မှုခင်းကျဆင်းရေး နှင့် မဖြစ်ပွားရေးအတွက် နေ့ခင်းဘက် စစ်ဆေးခြင်းများ စတင်

မန္တလေးတိုင်းအတွင်း မှုခင်းကျဆင်းရေး နှင့် မဖြစ်ပွားရေးအတွက် နေ့ခင်းဘက် စစ်ဆေးခြင်းများ စတင်

မန္တလေး၊ ဧပြီ ၂၅ ။                   ။ မန္တလေးမြို့တွင် ယခင်က ညအချိန်တွင်သာ လုယက်မှုများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ နေ့ခင်းပိုင်း လုယက်မှုများပါ ဖြစ်ပွားလာခြင်းအပေါ် မြို့ခံပြည်သူများ၏ ဝေဖန်ပြောဆိုမှုများရှိလာခဲ့ရာ မှုခင်းကျဆင်းရေး နှင့် မှုခင်းမဖြစ်ပွားစေရေးအတွက် ညစဉ် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများသာမက နေ့ပိုင်း စစ်ဆေးခြင်းများကို ဆောင်ရွက်နေပြီဖြစ်သည်။

''မှုခင်းကျဆင်းရေး၊ မှုခင်းမဖြစ်ပွားအတွက် နေ့စဉ် ဆောင်ရွက်ပေးနေတာပါ။ မြို့ဝင်၊ မြို့ထွက် ဂိတ်တွေမှာ အထူးပိတ်ဆို့ အရင်က ညပိုင်းပဲ ဆောင်ရွက်ခဲ့တယ်။ အခု မြို့ဝင်၊ မြို့ထွက် ဂိတ်တွေသာမက မြို့တွင်းသတ်မှတ်နေရာတွေမှာပါ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ပေးနေပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေး နှင့် မှုခင်းမဖြစ်ပွားစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များ နှင့် မြို့တွင်း သတ်မှတ်နေရာများတွင် ညစဉ် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများသာမက နေ့ပိုင်း စစ်ဆေးခြင်းများကို (၂၀၁၇)ခုနှစ် ဧပြီ(၂၃)ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ဒီလိုလုပ်ပေးနေတော့ အပူနည်းနည်း လျော့သွားတာပေါ့။ ပြစ်မှုကျူးလွန်သူတွေကိုလဲ ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်စေချင်တယ်။ မန်းပြည်သူတွေ ဘဝလုံခြံုနိုင်ဖို့ တိုင်းအစိုးရအဖွဲ့ နဲ့ ရဲတပ်ဖွဲ့က သေချာ ကိုင်တွယ် ဖြေရှင်းပေးစေချင်ပါတယ် '' ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

(၂၀၁၆)ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လူသတ်မှု (၄၅)မှု၊ ဓါးပြမှု (၂)မှု၊ လုယက်မှု (၁၆)မှု၊ ဖေါက်ထွင်းမှု (၂)မှု၊ တိရစ္ဆာန်ခိုးမှု (၂)မှု၊ မုဒိမ်းမှု (၃၅)မှု စုစုပေါင်း (၁၀၂)မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ အမှုပေါင်း(၁၀၂)တွင် စွဲချက်တင် အမှုပေါင်း (၇၆)မှု ဖြစ်ပွားခဲ့ကြောင်း (၂၀၁၆)ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှု နှစ်ချုပ်စာရင်းအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required