အိန္ဒိယနှင့် မြန်မာက အကြမ်းဖက်မှုကို ပူးပေါင်း တိုက်ဖျက် သွားမည်

အိန္ဒိယနှင့် မြန်မာက အကြမ်းဖက်မှုကို ပူးပေါင်း တိုက်ဖျက် သွားမည်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်(၀ဲ)နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဆပ်ရှ်ဆွာရတ်ဂျ် (ယာ)တို့ တွေ့ဆုံနုတ်ဆက်စဉ်။

နယူးဒေလီ၊ ဇူလိုင် ၁၆ ။      ။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နယူးဒေလီရောက်ရှိစဉ်အတွင်း ဇူလိုင် ၁၆ က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆပ်ရှ်မာဆွာရတ်ဂျ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပုံစံအမျိုးမျိုးဖြင့် ရှိနေသော အကြမ်းဖက် တိုက်ခိုက် မှုများကို ပူးပေါင်းနှိမ်နင်းရန် အိန္ဒိယနှင့် မြန်မာတို့က သဘောတူညီခဲ့သည်။

မြန်မာနယ်စပ်အနီး အိန္ဒိယက စစ်ဆင်ရေးပြုလုပ်ပြီးနောက် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိရောက်လာခြင်းဖြစ်သည်။

မြန်မာတပ်မတော်ခေတ်မီရေးနှင့်မြန်မာ့ရေတပ်မြှင့်တင်ရေးအတွက် အကူအညီပေးရန်လည်း အိန္ဒိယက သဘောတူလိုက်သည်။ ဦးဝဏ္ဏမောင်လွင်သည် ဇူလိုင် ၁၅ ရက်ကလည်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၊ အမျိုးသားလုံခြုံရေးအကြံပေး အာဂျစ်ဒိုဗာလ် တို့နှင့်တွေ့ဆုံခဲ့သည်။

သူပုန်စခန်းများကို ဖျက်ဆီးရန် မြန်မာနိုင်ငံအတွင်း အိန္ဒိယက နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးပြုလုပ် ပြီးနောက်မြန်မာနိုင်ငံခြားရေး ဝန်ကြီး ပထမဆုံးရောက်လာမှုက နှစ်နိုင်ငံကြား နိုင်ငံရေးနှင့် လုံခြုံရေးသဘောထား ကွာဟချက်များ ကျဉ်းမြောင်းစေရန်နှစ်နိုင်ငံ စလုံးက လိုလားနေကြောင်း ပြသသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။

စစ်ဆင်ရေးများကြောင့် မကျေမနပ်ဖြစ်နေသည့် မြန်မာကို နှစ်သိမ့်ရန် အိန္ဒိယလုံခြုံရေးအကြံပေး အာဂျစ်ဒိုဗာလ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

စည်းလုံးသော အာသံလွတ်မြောက်ရေးတပ်ဦး(ULFA) ခေါင်းဆောင် ပါရက်ရှ်ဘာရူအာနှင့်အတူ နာဂ သူပုန်များသည် အိန္ဒိယကို တိုက်ခိုက်ရန် မြန်မာပိုင်နက်ကို အသုံးပြုနေသဖြင့် နိုင်ငံရေးနှင့် လုံခြုံရေး စေ့စပ်ညိနှိုင်း မှုများ တိုးမြင့်ပြုလုပ်ရန် လိုအပ်လာသည်။

ထို့အပြင် အိန္ဒိယနှင့် မြန်မာကြား သဘောကွဲလွဲပါက တရုတ်ကို အကျိုး ဖြစ်ထွန်းစေနိုင်သဖြင့် စေ့စပ်ညှိနှိုင်းမှုက အိန္ဒိယအတွက် အရေးကြီးသည်။ ထို့အပြင် အိန္ဒိယအရှေ့မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု မြင့်မားရခြင်းတွင် တရုတ်၏ အခန်းကဏ္ဍ ပါဝင်နေသည်ဟု အိန္ဒိယက သံသယ ရှိနေသည်။

ဆပ်ရှ်မာဆွာရတ်ဂျ်နှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန်သော ပူးတွဲကြေညာချက်တစ်ခုတွင် နယ်စပ်ဒေသကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် နှစ်ဘက်ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးများကို ပုံမှန် ကျင်းပသွားမည် ဖြစ်သည်။

ထို့အပြင် နယ်ခြားဖြတ်ကျော်သူများ၏ ရွှေ့ပြောင်းမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ အတွက် ညှိနှိုင်းမှု စတင်ရန်ဖြစ်ပြီး တတိယ အဖြစ် မပြီးပြတ်သေးသည့် နယ်ခြားမှတ်တိုင်များကိစ္စကို အိန္ဒိယ- မြန်မာ ပူးတွဲနယ်ခြား လုပ်ငန်းအဖွဲ့ဖြင့်ဖြေရှင်း ရန်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly