ရှမ်း‌မြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင်အားစုများ တပြိုင်နက် ၀င်တိုက်

By မဇ္ဈိမ 
27 October 2023
ရှမ်း‌မြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင်အားစုများ တပြိုင်နက် ၀င်တိုက်
လက်နက်တပ်ဆင်မှုသင်တန်းဆင်းပွဲတွင်တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ (Photo: MOD-NUG)

ရှမ်း‌မြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး အင်အားစုများ တပြိုင်နက် ၀င်တိုက်ခိုက်‌နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းများ ဖော်ပြနေသည့် PDF insight က ဖော်ပြသည်။

အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၄ နာရီမှစတင်ပြီး ရှမ်းပြည်နယ် ‌မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့များရှိ စစ်တပ်တပ်စွဲနေရာများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ချိန်တည်းဝင်တိုက်နေကြောင်း  PDF insight က သတင်းဖော်ပြသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများက ချင်းရွှေဟော် ‌ဖောင်ဆိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု PDF insight က ဖော်ပြသည်။

" တပြိုင်တည်းစတင်လိုက်တဲ့ ဒီထိုးစစ်မှာ အကြမ်းဖက် စစ်တပ်တွေ အထိအခိုက်အသေအဆုံးများနေပြီး တပ်တွင်းကနေ ပြည်သူတွေရဲ့ရပ်ရွာတွေကို ရမ်းသမ်းပစ်ခတ်မှုများလုပ်နေကြောင်း သိရပါတယ်" ဟု PDF insight က ရေးသားထားသည်။

အလားတူ လောက်ကိုင်မြို့တွင်လည်း တော်လှန်ရေးအင်အားစု များက စစ်ကောင်စီတပ်စွဲရာနေရာများကို ၀င်တိုက်နေသည်ဟု လောက်ကိုင်မြို့တွင်သွားရောက်လုပ်ကိုင်နေသူတစ်ဦးက ‌ပြောသည်။

" မနက်အစောကြီးကတည်းက သေနတ်သံတွေ တောက်လျှောက် ကြားနေရတယ်။ အပြင်မထွက်ရဲသေးဘူး" ဟု လောက်ကိုင်မြို့ရှိ အလုပ်သမားတစ်ဦးက ‌ပြောသည်။

စစ်ရေးနှင့် ပတ်သက်ပြီး ဆက်လက်သိရှိရသည်များကို ထပ်မံဖော်ပြသွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly