မြန်မာတွင် အကြမ်းဖက်မှုတို့ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ‘အလွန်တရာ စိုးရိမ်ပူပန်’ ဟု အာဆီယံခေါင်းဆောင်များ ပြော

မြန်မာတွင် အကြမ်းဖက်မှုတို့ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ‘အလွန်တရာ စိုးရိမ်ပူပန်’ ဟု အာဆီယံခေါင်းဆောင်များ ပြော
Photo-AFP

အကြမ်းဖက်မှုတို့ ဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး “အလွန်တရာ စိုးရိမ်ပူပန်” မိကြောင်း အရှေ့တောင်အာရှ နိုင်ငံများက မေလ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့်ရက်ပိုင်းက လူသားချင်းစာနာမှု အကူအညီ ပေးပို့သည့် သံတမန် ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ် ၎င်းတို့က ပြစ်တင်ရှုတ်ချသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် မိမိတို့ အင်မတန်မှ စိုးရိမ်ပူပန်ရပါတယ်။ ဒီနိုင်ငံမှာ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဘေးကင်းလုံခြုံစွာနဲ့ အချိန်မီ ပေးပို့နိုင်အောင် ထောက်ကူပေးမယ့် အခြေအနေဝန်းကျင်တစ်ခု ဖန်တီးဖို့အတွက် အင်အားအသုံးပြုတာနဲ့ ပုံစံမျိုးစံနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ မိမိတို့ တိုက်တွန်းပါတယ်” ဟု အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

တစ်ချိန်တည်းမှာပင် မြန်မာ့အကျပ်အတည်း ပိုမိုဆိုးဝါးလာနေစဉ် အာဆီယံအနေဖြင့် စည်းလုံးညီညွတ်မှု ရှိရေး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဒိုဒိုက တိုက်တွန်းတောင်းဆိုသည်။

အာဆီယံအဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာတွင် ဆက်ရှိနေသည့် အကြမ်းဖက်မှုတို့ ရပ်ဆိုင်းစေရေး လုပ်ဆောင်ရန် ဖိအားများအောက် တိုးမြင့် ကျရောက်လာနေသည်။

ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ ထိပ်သီးအစည်းအဝေး ဆွေးနွေးမှုများတွင် မြန်မာ့အရေးကိစ္စက လွှမ်းမိုးထားပြီး အဆိုပါ ဒေသတွင်းအုပ်စုအနေဖြင့် အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေသည်ဟု ရှုမြင်ခံရပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ASEAN leaders say 'deeply concerned' about Myanmar violence
Indonesia's Widodo calls for ASEAN unity as Myanmar crisis worsens

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required