မဲခေါင်မြစ်ကော်မရှင် တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန် စဉ်းစားမည်ဟု သမ္မတဦးထင်ကျော် ပြော

မဲခေါင်မြစ်ကော်မရှင် တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန် စဉ်းစားမည်ဟု သမ္မတဦးထင်ကျော် ပြော

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်မြစ်ကော်မရှင် MRC တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန် စဉ်းစားမည်ဖြစ်ကြောင်း ဗီယက်နမ်သို့ အလည်အပတ်ရောက်ရှိနေသော သမ္မတဦးထင်ကျော်က အောက်တိုဘာ ၂၆ ရက်က ပြောခဲ့သည်။

ဗီယက်နမ်သို့ ရောက်ရှိသည့် နိုင်ငံတော် ခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ Tran Dai Quang နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ဦးထင်ကျော်က အထက်ပါ မှတ်ချက်စကားကို   ပြောကြားခဲ့ခြင်း   ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံပိုင် VNA သတင်းဌာနက ဖော်ပြသည်။

MRC အဖွဲ့ကို ၁၉၉၅ ခုနှစ်က စတင်တည်ထောင်ခြင်းဖြစ်သည်။ အဖွ့ဲဝင်အဖြစ် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်ပြီး ရေရင်းမြစ်ခွဲဝေသုံးစွဲရေးနှင့် မဲခေါင်မြစ်ဖွံ့ဖြိုးရေးတို့အတွက် တည်ထောင်ခြင်းဖြစ်ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

မဲခေါင်မြစ်ရေကို ရေရှည်အကျိုးရှိစွာသုံးစွဲသွားရေးတွင် MRC ၏ မူဘောင်များနှင့် ဆက်စပ်အဖွဲ့အစည်းများအရ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနှင့် ဗီယက်နမ်က ကတိကဝတ်ပြုခဲ့သည်။

ဗီယက်နမ်နှင့် မြန်မာနှစ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ပင်လယ်စာ၊ ဘဏ်လုပ်ငန်း၊ လေကြောင်း၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ တွင်းထွက်သတ္ထုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ကားထုတ်လုပ်တပ်ဆင်ခြင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့အပါအဝင် ဦးစားပေးကဏ္ဍ ၁၂ ရပ်တွင် ပူးပေါင်းဆောင်ရွက်ဖော်ဆောင် လျက်ရှိကြောင်း   နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ပြောသည်။

နောင်အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း နိုင်ငံရေး၊ သံတမန်ရေး၊ ကုန်သွယ်ရင်းနှီးမြုပ်နှံမှုနှင့် ကာကွယ်ရေးကဏ္ဍတို့တွင်ပါ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီခဲ့သည်။

သမ္မတဦးထင်ကျော်က မြန်မာအစိုးရအနေဖြင့် ဗီယက်နမ်နှင့် ဘဏ်လုပ်ငန်း၊ လေကြောင်း၊ ဆက်သွယ်ရေး၊ တွင်းထွက်သတ္ထုနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောသည်။

ထိုပြင် မကြာမီအချိန်အတွင်း လက်ထောက်ကာကွယ်ရေးဝန်ကြီးအဆင့် ကာကွယ်ရေးမူဝါဒဆွေးနွေးပွဲကျင်းပရေး၊ နှစ်ဖက်ကာကွယ်ရေးဝန်ကြီးဌာနများ၏ နိုင်ငံခြားရေးရာဌာနများကြား လုပ်ငန်းအဖွဲ့တည်ထောင်ရေးတို့အပြင် လာမည့်ကာလအတွင်း လေးကြိမ်မြောက် လုံခြုံရေးစည်းဝေးပွဲကျင်းပရေးတို့ကိုလည်း သဘောတူညီခဲ့သည်။

အဆိုပါ အောက်တိုဘာ ၂၆ ရက်တစ်နေ့တည်း၌ပင် သမ္မတဦးထင်ကျော်က ဗီယက်နမ်ကွန်မြူနစ်ပါတီ Ngyyen Phu Trong ကို နှုတ်ခွန်းစကားပြောကြားသကဲ့သို့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc နှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတဦးထင်ကျော်သည် ဗီယက်နမ်သမ္မတ Tran Dai Quang ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ဗီယက်နမ်သို့ ခရီးစဉ်ရောက်ရှိနေခြင်းဖြစ်သည်။

ဗီယက်နမ်နှင့် မြန်မာနိုင်ငံသည် ၁၉၇၅ ခုနှစ်မှစကာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။

နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုက ၂၀၁၆ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၂၉၉ သန်းအထိ ရောက်ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required