မူးယစ်ဆေးဝါးမှုနှင့်ပတ်သက်ပြီး လူ ၁၈ ဦးကို ဗီယက်နမ် သေဒဏ်ချမှတ်

မူးယစ်ဆေးဝါးမှုနှင့်ပတ်သက်ပြီး လူ ၁၈ ဦးကို ဗီယက်နမ် သေဒဏ်ချမှတ်
Photo: AFP

ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု စွဲချက်များနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံသား နှစ်ဦး အပါအဝင် လူ ၁၈ ဦး သေဒဏ်ချမှတ်ခံရကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

ကွန်မြူနစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး မူးယစ်ဆေးဝါး ဥပဒေတချို့ ရှိသည့်နိုင်ငံဖြစ်ပြီး သေဒဏ်စီရင်မှုနှင့်ပတ်သက်ပြီး လျှို့ဝှက်သိုသိပ်မှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ဟိုချီမင်း စီးတီးတွင် လေးရက်ကြာ ကြားနာစစ်ဆေးမှုအပြီး အသက် ၆၃ နှစ်ရှိ တောင်ကိုရီးယားရဲဝန်ထမ်းဟောင်း ကင်မ် ဆွန် ဆစ်ခ် နှင့် တနိုင်ငံတည်းသား အသက် ၃၀ အရွယ် ကန် ဆုန် ဟော့ခ်တို့ သေဒဏ်ချခံရကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၁၁ ရက်က ပြောသည်။

ထို့ပြင် အသက် ၅၈ နှစ်ရှိ တရုတ်နိုင်ငံသား လီတီယန်ဂွမ်နှင့် ဗီယက်နမ် ဂိုဏ်းခေါင်းဆောင်ဆိုသူ လီဟိုဗူတို့လည်း သေဒဏ်ချမှတ်ခံရသည်။

ဟိုချီမင်းစီးတီး ပြည်သူ့တရားရုံးအောက်ရှိ တရားရုံးတခုတွင် စစ်ဆေးကြားနာမှုအပြီးတွင် အမှုနှင့်ပတ်သက်ပြီး အခြား လူ ၁၄ ဦးလည်း သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခံရသည်။

ထိုအဖွဲ့သည် ၂၀၂၀ မေလနှင့် ဇွန်လအကြား မူးယစ်ဆေးဝါး ၂၁၆ ကီလိုဂရမ်ကို တရားမဝင် သိုလှောင်၊ မှောင်ခိုကူး၊ ရောင်းဝယ်ဖောက်ကားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဆိုဒ်က ဖော်ပြသည်။

အမျိုးအစားအားလုံးပါ မူးယစ်ဆေး ၁၆၈ ကီလိုဂရမ် (၃၇၀ ပေါင်) ကို သိမ်းဆည်းရမိသည်ဟု ဖော်ပြသော်လည်း အမျိုးအစားအတိအကျကို ပြောဆိုခြင်း မရှိပေ။

မူးယစ်ဆေးဝါးများကို ကမ္ဘောဒီးယားမှ ဟိုချီမင်းစီးတီးသို့ မှောင်ခိုကုန်ကူးခဲ့ခြင်း ဖြစ်ကြောင်းနှင့် တချို့ကို ပြည်တွင်းတွင် သုံးစွဲပြီး တချို့ကို တောင်ကိုရီးယားသို့ တင်ပို့ခဲ့ကြောင်း သတင်းဆိုဒ်က ဖော်ပြသည်။

တာဝန်ရှိသူများက ဇူလိုင် ၁၉ ရက်တွင် ဟိုချီမင်းစီးတီးတွင် စီးနင်းရှာဖွေမှုတရပ် လုပ်ဆောင်ခဲ့ကြောင်းနှင့် တောင်ကိုရီးယားသို့ ကုန်တင်ပို့ရန်အတွက် အကောင်ခွန် ရှင်းလင်းရန် ပြင်ဆင်နေသော ကွန်တိန်နာထရပ်ကားတစီးကို ရှာဖွေခဲ့ကြောင်း သိရသည်။

အထဲတွင် တာဝန်ရှိသူများသည် မက်သာဖက်တမင်း ၃၉ ဒသမ ၅ ကီလိုဂရမ်နှင့်အတူ အဖြူရောင်ခရစ္စတယ်များ ပါသည့် ပလတ်စတစ် အထုပ် ၄၀ ကို တွေ့ရှိခဲ့သည်။

ဗီယက်နမ်သား ဂိုဏ်းခေါင်းဆောင် ဗူသည် မူးယစ်ဆေးဝါးများ တရားမဝင် သယ်ယူပို့ဆောင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ စာရွက်စာတမ်း သို့မဟုတ် တံဆိပ်တုံး အတုများ အသုံးပြုမှုဖြင့် စီရင်ချက်ချခံရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

အခြား ၁၇ ဦးသည်လည်း မူးယစ်ဆေးဝါးများ တရားမဝင် လက်ဝယ်ပိုင်ဆိုင်မှု၊ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်မှု၊ တရားမဝင် ကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး တရားမဝင် အသုံးပြုမှုအတွက် စီစဉ်မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြသည်။

တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုအတွက် အခြား တရားခံ သုံးဦးလည်း ထောင်ဒဏ်တသက် ချမှတ်ခံရကြောင်း သိရသည်။

ထို့ပြင် အသက် ၁၈ နှစ်အောက် လူတဦးလည်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရကြောင်း သိရသည်။ယခုအမှုတွင် သေဒဏ်စီရင်မှုများကို မည်သည့်အချိန်တွင် လုပ်ဆောင်မည်လဲ ဆိုသည်ကို မသိရှိရပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required