မန်ချက်စတာဒါဘီအကြို မန်စီးတီးဂိုးသမား ဘရာဗိုကို မခံချင်အောင် နောက်ပြောင်လိုက်သည့် အီဗရာဟီမိုဗစ်ချ်

မန်ချက်စတာဒါဘီအကြို မန်စီးတီးဂိုးသမား ဘရာဗိုကို မခံချင်အောင် နောက်ပြောင်လိုက်သည့် အီဗရာဟီမိုဗစ်ချ်

စက်တင်ဘာ ၈၊ မန်ချက်စတာ ။              ။ ပြိုင်ဘက်ဟောင်းနည်းပြများဖြစ်သည့် မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ ပထမဆုံးမန်ချက်စတာဒါဘီ ဖြစ်ခြင်းကြောင့် ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေသည့် မန်ယူ-မန်စီးတီးပွဲစဉ်ကို မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်က ပိုမိုစိတ်ဝင်စားအောင် ပြုလုပ်လိုက်သည်။

မန်ယူအသင်းအတွက် လေးပွဲကစားပေးထားရာတွင် လေးဂိုးသွင်းယူထားနိုင်သည့် အီဗရာဟီမိုဗစ်ချ်က မန်စီးတီးဂိုးသမားသစ် ဘရာဗိုထံသို့ လေ့ကျင့်ရေးအင်္ကျီ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းထံမှ အရခေါ်ယူထားသည့် ချီလီလက်ရွေးစင်ဂိုးသမားဘရာဗိုမှာ ယခုတစ်ပတ် မန်ချက်စတာဒါဘီပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့်ရရန် မျှော်လင့်နေသူ ဖြစ်သည်။

အီဗရာဟီမိုဗစ်ချ်သည် ဘရာဗိုထံသို့ လေ့ကျင့်ရေးဂျာစီပေးပို့ရန် ပြင်ဆင်နေသည့်ပုံကို ဗီဒီယိုရိုက်ကူးခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်သို့ တင်ခဲ့သည်။

ထို့နောက် ထိုဗီဒီယိုဖိုင်နှင့်အတူ ‘ မန်ချက်စတာက ကြိုဆိုပါတယ်။ ဒါက လေ့ကျင့်ရေးအသုံးဆောင်တွေပါ။ ဒါတွေကိုမင်းလိုအပ်လိမ့်မယ်။ စနေနေ့မှာ တွေ့ကြမယ်’ ဆိုပြီး စာရေးတင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဂျိုးဟတ်ကို မနှစ်သက်သည့်အတွက် အသက် ၃၃ နှစ်အရွယ်ရှိ ဘရာဗိုကို အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၇.၁ သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required