မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ် ၂၀၂၈ အထိ စာချုပ်သစ်ချုပ်ဆို

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ် ၂၀၂၈ အထိ စာချုပ်သစ်ချုပ်ဆို
Photo: Manchester United

အင်္ဂလန်တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ဟာ  ၂၀၂၈ အထိ မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေဖို့ တစ်ပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ တန် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နဲ့ ကာလအတော်အတန်ကြာ ဆွေးနွေးခဲ့ပြီး သူ့ရဲ့ အရင်စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက မန်နေဂျာသစ် အဲရစ်တန်ဟက်ဂ် လက်ထက်မှာ ပြန်လာခဲ့ပြီး ၅၆ ပွဲကစားကာ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၆ တုန်းက Midtjylland အသင်းနဲ့ ရင်ဆိုင်ရာမှာ ပထမဆုံးပွဲထွက်ခဲ့ပြီး သူ့ရဲ့ငယ်ဘဝကလပ်အသင်းအတွက် ၃၅၉ ပွဲမှာ ၁၂၃ ဂိုး သွင်းယူခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က “ကျနော် အိပ်မက်တစ်ခုနဲ့ ခုနစ်နှစ်သားကလေးဘဝက မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ အသင်းရှပ်အင်္ကျီဝတ်ရတာ ဂုဏ်ယူရတဲ့ အခါတိုင်း အောင်မြင်ဖို့ တူညီတဲ့ စိတ်အားထက်သန်မှု၊ ဝံ့ကြွားမှု၊ စိတ်ပိုင်းဖြတ်မှုတို့နဲ့ မိမိကိုယ်ကို မှောင်းနှင်းနေဆဲပါ။

"ဒီမယုံနိုင်စရာကောင်းတဲ့ကလပ်မှာ အံ့ဩစရာအတွေ့အကြုံတချို့ ကျနော်မှာ ရှိပြီးသားပါ၊ ဒါပေမယ့် နောက်ထပ်အောင်မြင်ဖို့ အများကြီးကျန်သေးပြီး လာမယ့်နှစ်တွေမှာလည်း နောက်ထပ်ဆုဖလားတွေ ပိုမိုရယူနိုင်ဖို့ မဆုတ်မနစ်စိတ်ပိုင်းဖြတ်ထားပါတယ်။"လို့ ပြောပါတယ်။

သူဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့ပြီး ကာရာဘောင်းဖလားဖိုင်နယ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly