သြဂုတ် ၁၈၊ အင်္ဂလန် ။ ။ ဝက်စ်ဟမ်းအသင်း၏ တိုက်စစ်ကစားသမား အန်ဒရီအယူးသည် ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော ပေါင်ဒဏ်ရာကြောင့် လေးလအနားယူရတော့မည် ဖြစ်သည်။
ထိုပွဲစဉ်တွင် အယူးသည် ပေါင်ဒဏ်ရာကြောင့် ပွဲချိန် ၃၅ မိနစ်၌ လူစားလဲခဲ့ရသည်။ ဝက်စ်ဟမ်းနည်းပြ ဘီလစ်က အယူး၏ဒဏ်ရာမှာ သုံးပတ်ခန့်သာ အနားယူရမည်ဟု မျှော်လင့်ခဲ့သော်လည်း ဆေးစစ်မှုများခံယူပြီးနောက်တွင် လေးလအနားယူရမည်ဟု ဆရာဝန်များက အတည်ပြုခဲ့ကြသည်။
အယူးသည် ပြီးခဲ့သည့် ၁၀ ရက်ကမှ ဝက်စ်ဟမ်းအသင်း၏ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၀.၅ သန်းဖြင့် ဆွမ်ဆီးအသင်းမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဝက်စ်ဟမ်း နည်းပြဘီလစ်အတွက် အယူး၏ဒဏ်ရာရရှိမှုမှာ များစွာထိခိုက်နစ်နာခဲ့ရသည်။
လက်ရှိဝက်စ်ဟမ်းအသင်းတွင် နောက်ခံလူ ခရက်စ်ဝဲလ်မှာ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသလို တိုက်စစ်ကစားသမား လန်ဇီနီမှာလည်း ဒဏ်ရာရရှိလျက်ရှိသည်။
ဒဏ်ရာပြဿနာများနှင့် ပွဲစဉ်ဇယား ကျပ်တည်းမှုများကြောင့် ဝက်စ်ဟမ်းနည်းပြ ဘီလစ်မှာ အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိသည်။
ရည်ညွှန်း ဒေးလီးမေးလ်