ချယ်လ်ဆီးနဲ့ ပွဲဦးထွက်မှာ ဂျော်အို ဖေးလစ် ထုတ်ပယ်ခံရပြီး နည်းပြ ဂရေဟမ်ပေါ်တာအပေါ် ဖိအားတွေ တိုးလာ

ချယ်လ်ဆီးနဲ့ ပွဲဦးထွက်မှာ ဂျော်အို ဖေးလစ် ထုတ်ပယ်ခံရပြီး နည်းပြ ဂရေဟမ်ပေါ်တာအပေါ် ဖိအားတွေ တိုးလာ

ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားက ကရာဗင်ကော့တေ့ချ်မှာ ပြင်းထန်တဲ့ အနောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ၁၀ ယောက်ကျန် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် "ကလပ်နဲ့ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ညတစ်ည"လို့ ချီးကျူးခဲ့ပါတယ်။

ပေါ်တူဂီတောင်ပံကစားသမား ဂျော်အို ဖေးလစ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲဦးထွက်ပွဲမှာ ၁-၁ နဲ့ သရေကျတဲ့အချိန်မှာ အထုတ်ခံခဲ့ရပြီးနောက် ပွဲချိန် ၇၂ မိနစ်မှာ ကားလို့စ် ဗီနီစီရှပ်စ်က ခေါင်းတိုက် အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

ဝီလျံက ပထမပိုင်းမှာ သူ့ရဲ့အသင်းဟောင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကာလီဒူ ကူလီဘာလီက ချယ်လ်ဆီးအတွက် ချေပဂိုးပြန်သွင်းခဲ့ပေမယ့်လည်း ဗီနီစီရှပ်စ်က ဖူလ်ဟမ်အတွက် အနိုင်ဂိုး ပြန်သွင်းယူပေးခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ဒီနိုင်ပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် (၆)နေရာအထိ ရောက်ရှိလာခဲ့ပါတယ်။

"ချယ်လ်ဆီးဟာ စူပါအသင်းတစ်သင်းပါ၊ သူတို့က ကြီးမားတဲ့ကလပ်အသင်းဖြစ်ပြီး သူတို့ရဲ့ ဘတ်ဂျက်က ကျနော်တို့နဲ့ လုံးဝကို ကွာခြားပါတယ်၊ ခင်ဗျား သွားပြီး နှိုင်းယှဉ်လို့မရပါဘူး"လို့ ဆေးလ်ဗားက ပြောပါတယ်။

"ဒါဟာ ကျနော်တို့ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ညတစ်ညဖြစ်ပြီး သူတို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျနော်တို့တွေ ဘောလုံးအသင်းအတွက်၊ ကျနော်တို့ ပရိသတ်တွေအတွက် ဒါဟာ ထူးခြားပြီး နောက်ဆုံး ပွဲသိမ်းဝီစီမှုတ်ချိန်မှာ ဒါကို ကျနော် သေချာပေါက် ခံစားခဲ့ရပါတယ်၊ သူတို့ အောင်ပွဲခံခဲ့တာကတော့ တကယ့်ကို အရေးကြီးတဲ့ အခိုက်အတန့်ပါပဲ။

"ကျနော်တို့ရဲ့ ကစားသမားတွေဟာ အခုထိ ဒီရာသီအတွက် တောက်ပနေပေမယ့် ကျနော်တို့က ရာသီအလယ်မှာ ရှိနေပြီး နည်းပြတစ်ယောက်အတွက် တိုးတက်ဖို့ ကြီးမားတဲ့ အခန်းတွေရှိနေတယ်ဆိုတာ ကနော်တို့ သိထားပါတယ်။"

ချယ်လ်ဆီးအသင်းရဲ့ ရှုံးပွဲကြောင့် နည်းပြ ဂရေဟမ်ပေါ်တာကို ဖိအားများတိုးလာစေပြီး အခု အပြာရောင်တို့ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ နှစ်ပွဲသာ အနိုင်ရရှိထားတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ရာသီကုန်အထိ ပေါင် ၉.၇ သန်းနဲ့ ချယ်လ်ဆီးကို အငှား ရောက်ရှိလာတဲ့ ဂျော်အို ဖေးလစ်ဟာ ပွဲချိန် ၅၈ မိနစ်အကြာမှာ နောက်ခံလူ ကန်နီ တီတီကို ဆိုးရွားစွာ ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး အခုအခါ ၃ ပွဲပယ်ခံရမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required