ပြင်သစ်လီဂူဝမ်းကလပ် စထရာစ်ဘာ့ဂ်ကို ချယ်လ်ဆီးအသင်းပိုင်ရှင်တွေ ဝယ်ယူ

ပြင်သစ်လီဂူဝမ်းကလပ် စထရာစ်ဘာ့ဂ်ကို ချယ်လ်ဆီးအသင်းပိုင်ရှင်တွေ ဝယ်ယူ

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကြီးရဲ့ အမေရိကန် ပိုင်ရှင်တွေဟာ ပြင်သစ်လီဂူဝမ်း ကလပ် စထရာစ်ဘာ့ဂ်မှာ ရှယ်ယာအများစုကို ဝယ်ယူဖို့ ကြာသပတေးနေ့က သဘောတူညီလိုက်ကြကြောင်း အဲဒီလုပ်ငန်းစုက ကြေညာခဲ့ပါတယ်။

"လုပ်ငန်းစုဟာ ကလပ်ရဲ့တိုးတက်ကြီးထွားရေးအတွက် ရေရှည်တည်တံ့တဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အရှိန်မြှင့်ဖို့ ကတိပြုထားတာကြောင့် စထရာစ်ဘာ့ဂ်ရဲ့ သမိုင်းမှာ ဒီသဘောတူညီချက်ဟာ စာမျက်နှာသစ်တစ်ခုဖြစ်တယ်"လို့ BlueCo လုပ်ငန်းစုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တော့ဘိုလေနဲ့ အမေရိကန်အခြေစိုက် Clearlake Capital တို့ ဦးဆောင်တဲ့ လုပ်ငန်းစုဟာ ချယ်လ်ဆီးကို တာဝန်ယူတဲ့ ပထမနှစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မန်နေဂျာ သောမတ်တူချယ်နဲ့ ဂရေဟမ် ပေါ်တာတို့ကို ထုတ်ပယ်ခဲ့ပြီး ဖရန့်လမ်းပတ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခဲ့ပါတယ်။

ပိုင်ရှင်အသစ်တွေရဲ့ ပထမဆုံးအပြောင်းအရွှေ့ဈေးကွက်နှစ်ခုမှာ ကစားသမားသစ်တွေအတွက် ပေါင်သန်း ၅၀၀ (ဒေါ်လာ ၆၂၄ သန်း) ကျော်သုံးစွဲခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်း အဆင့် ၁၂ မှာ ရပ်တည်ခဲ့တာဟာ ၁၉၉၄ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သူတို့ဟာ နည်းပြသစ်အဖြစ် ပိုချက်တီနိုကို ခန့်အပ်ခဲ့ပါတယ်။

ဘိုလေဟာ Los Angeles Dodgers ဘေ့စ်ဘောအသင်းရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်ပါတယ်။

စထရာစ်ဘာ့ဂ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက သူတို့ကိုယ်တိုင် ရုန်းကန်ခဲ့ရပြီး တန်းဆင်းဇုန်အထက် ၅ မှတ်အကွာ အဆင့် ၁၅ နဲ့ ပြီးဆုံးခဲ့ပါတယ်။

အမေရိကန်လုပ်ငန်းစုဟာ စထရာစ်ဘာ့ဂ်ကလပ်ရဲ့ ရှယ်ယာအားလုံးနီးပါးကို ဝယ်ယူခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက AFP ကို ပြောခဲ့ပါတယ်။

ဒါပေမယ့် သူဟာ စာချုပ်တန်ဖိုး အပြည့်အစုံကိုတော့ ထုတ်ပြောဆိုနိုင်ခြင်း မရှိခဲ့ပါဘူး။

စထရာစ်ဘာ့ဂ်ဟာ မာဆေး၊ လိုင်ယွန်၊ တူးလော့စ်နဲ့ လီဟာဗေးတို့ပြီးနောက် အမေရိကန်ပိုင်ဆိုင်မှုလက်ထဲရောက်ရှိတဲ့ ၅ သင်းမြောက် လီဂူကလပ်အသင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required