ဘီးလင်း သံတံတား(တောင်စွန်း)ထိပ်တွင် ဒေသခံများထံမှ ပိုက်ဆံတောင်းသည့် ရဲများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

By YT(မဇ္ဈိမ)
07 December 2023
ဘီးလင်း သံတံတား(တောင်စွန်း)ထိပ်တွင် ဒေသခံများထံမှ ပိုက်ဆံတောင်းသည့် ရဲများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်အနီး၊ သံတံတား(တောင်စွန်း)ထိပ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲများ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန်သည်။

သံတံတား (တောင်စွန်း)သည် သဲဖြူချောင်းကို ဖြတ်ဆောက်ထားသည့် တံတားဖြစ်ပြီး အဆိုပါတံတားအနီးတွင် ရဲများက အရပ်သားများ စီးနင်းလာသည့် ဆိုင်ကယ်များကို မကြာခဏ စောင့်ဖမ်းကာ ပိုက်ဆံတောင်းလေ့ရှိသဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း BPDF ထံက သိရသည်။

" ပုံမှန်ဂိတ်မဟုတ်ဘူး။ ဒီတိုင်း တံတားထိပ်မှာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ စစ်ပြီး ပိုက်ဆံတောင်းတာ။ နှစ်ယောက်စီးရင် ဆိုင်ကယ်သိမ်းတယ်။ တယောက်ထဲဆိုရင် လိုင်စင်တောင်း ပိုက်ဆံညှစ်တယ်။ ကျွန်တော်တို့ သွားပစ်တဲ့အချိန် ရှစ်ယောက်ရှိပါတယ်" ဟု BPDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လယ် ၃ နာရီ ၅၀ မိနစ်အချိန်က တောင်စွန်းတိုက်နယ်နှင့် ကော့ကဒွတ်ကျေးရွာအကြား၊ သဲဖြူချောင်းပေါ် ဖြတ်ဆောက်ထားသည့် သံတံတားထိပ်တွင် ပြည်သူများအား ပိုက်ဆံတောင်းရန် စောင့်နေသည့် ရဲရှစ်ဦးအား ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

" အဲ့ဒီဂိတ်မှာ ရှိနေတဲ့ စကစနှစ်ကောင်က အပစ်ခံရပြီးချင်း သေတယ်။ နောက်ထပ် ဂိတ်မှာရှိတဲ့ အမျိုးသမီး တယောက်လဲသေတယ်။ နောက် စကစတကောင်က ဆေးရုံက ဆင်းလာပြီ။ သတင်းကို ဒီကောင်တွေက ပိတ်ထားတာ ဘယ်သူမှ အတိအကျမသိရဘူး အခုတောင် နာကူအသင်းက ကောင်လေးကို မေးထားလို့ သိရတာ သူတို့က သွားပို့ရတာဆိုတော့ သိတယ်လေ" ဟု တောင်စွန်းမှ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သံတံတားထိပ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦး သေဆုံး၍ နယ်ထိန်းရဲ ရန်နိုင်စိုး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း BPDF ​၏ ဖော်ပြချက်နှင့် မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

တောင်စွန်း- ကော့ကဒွတ်လမ်းပေါ်သို့ အများအားဖြင့် ဒေသခံ ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာမှုများပြီး အဆိုပါ သံတံတား (တောင်စွန်း) ထိပ်တွင် ရဲများကစောင့်၍ ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်များအား အကြောင်းအမျိုးမျိုးရှာကာ ဖမ်းဆီးပြီး ဒေသခံများထံမှ မကြာခဏ ပိုက်ဆံတောင်းလေ့ရှိကြောင်း ဒေသခံထံက သိရသည်။

" ရှယ်တောင်းတာ။ ဆိုင်ကယ် ထိုင်ဖမ်းနေတဲ့ဂိတ် နှစ်ယောက်စီးတာနဲ့ ဖမ်းတယ်။ ကွင်းသမားတွေဆို ဈေးဝယ်မို့တက်လာတာ သူတို့မိလို့ စျေးဝယ်စရာမရှိလို့ ရွာပေါ်က အသိတွေဆီကနေ ချေးပြီးဝယ်ပြီးပြန်ရတယ်။ ပိုက်ဆံလိုတိုင်း ထထဖမ်းတဲ့ဂိတ်" ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အခြားဒေသခံတဦးကလည်း " ဒီလမ်းက ရွာလမ်းပေါ့ ဆိုင်ကယ်တွေပဲ အသွားများတာ။ ဒီဘက်ကနေ ထွက်လည်း ဘီးလင်းမြို့ထဲ ရောက်တော့ ဒီတဝိုက်က ရွာတွေက လူတွေက ဆိုင်ကယ်ပဲ အများဆုံးသုံးကြတော့ ဆိုင်ကယ်နဲ့ပဲ လစ်ကြတာ။ အဲ့ဒီလိုဆိုတော့ တောင်စွန်းတံတားဂိတ်က ကောင်တွေက တောင်းကောင်းတာပေါ့" ဟု ဆိုသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်ချရာ ဂိတ်စခန်း၊ တပ်စခန်းများသည် တော်လှန်ရေးအင်အားစုများ​၏ ဒရုန်း၊ လက်နက်ကြီးဖြင့်သာမက မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ခြင်း ခံရလေ့ရှိပြီး ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly