တရုတ် လွှမ်းမိုးထားသော မြေရှားသန့်စင်စျေးကွက် ကို ယှဉ်ပြိုင်ရန် အနောက်နိုင်ငံမှ နည်းပညာ ကုမ္ပဏီများ ကြိုးပမ်း

By Reuters
07 December 2023
တရုတ် လွှမ်းမိုးထားသော မြေရှားသန့်စင်စျေးကွက် ကို ယှဉ်ပြိုင်ရန် အနောက်နိုင်ငံမှ နည်းပညာ ကုမ္ပဏီများ ကြိုးပမ်း
ပုံအညွှန်း- မွန်ဂိုးလီးယားနိုင်ငံ၊ Baotou ‌မြို့မြောက်ဘက်ရှိ ရှားပါးမြေသန့်စက်ကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် တွေ့ရစဉ် (Photo- AFP)

မြေရှားသန့်စင်မှု နည်းပညာအသစ် များ ရှာဖွေနေသည့် ကုမ္ပဏီများသည် သန်းပေါင်းများစွာသော အီလက်ထရွန်နစ် ပစ္စည်းများ ထောက်ပံ့နေသော အနောက်နိုင်ငံများ၏ လုပ်ငန်း ချဲ့ထွင်မှု အတွက် တွန်းအားပေး ရည်မှန်းချက်တခု ဖြစ်သည်။

အဆိုပါ အရေးကြီး တွင်းထွက်သတ္တုများကို လက်ရှိ အသုံးပြုနေသော ဓာတု ‌ဖျော်ရည်ဖြင့် ခွဲထုတ် သန့်စင်ခြင်း (solvent extraction)  နည်းလမ်းသည် ကုန်ကျစရိတ်များ၍ ညစ်ညမ်းမှုကို ဖြစ်စေပြီး လွန်ခဲ့သည့် နှစ် ၃၀ အတွင်း တရုတ်က ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ခဲ့သော လုပ်ငန်းစဉ်ဖြစ်သည်။ MP Materials (MP.N)၊ Lynas Rare Earths (LYC.AX) နှင့် အခြားသော အနောက်နိုင်ငံမှ မြေရှားကုမ္ပဏီများသည် နည်းပညာဆိုင်ရာ ရှုပ်ထွေးမှုများနှင့် ညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်မှုများကြောင့် ၎င်းကို အကောင်အထည်ဖော်ရန် အခက်အခဲ ဖြစ်နေကြသည်။

မြေရှားသည် လျှပ်စစ်ကားများ၊ ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရွန်းနစ် ပစ္စည်းများအတွက် စွမ်းအင် ကို ရွေ့လျားမှုအဖြစ်သို့ ပြောင်းလဲပေးသည့် သံလိုက်များပြုလုပ်ရန် အသုံးပြုသည့် သတ္တု ၁၇ မျိုး ပေါင်းစပ်ပါဝင်သည်။ အမေရိကန်သိပ္ပံပညာရှင်များသည် ၁၉၅၀ ခုနှစ်များအတွင်း မြေရှား ကို ဓာတု ဖျော်ရည်ဖြင့် သန့်စင် ခွဲထုတ်ရန် (solvent extraction) ကူညီပေးခဲ့သော်လည်း ၎င်း လုပ်ငန်းစဉ်မှ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်းများ ကြောင့် အမေရိကန်တွင် တဖြည်းဖြည်း လူကြိုက်နည်းလာခဲ့သည်။

တရုတ်သည် ၁၉၈၀ ခုနှစ်များအတွင်းမှ စတင်၍ မြေရှားသန့်စင်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်တွင် လျင်မြန်စွာ တိုးချဲ့လာခဲ့ပြီး ယခုအခါ ကမ္ဘာ့မြေရှား သန့်စင်မှုစွမ်းရည်၏  ၈၇ ရာခိုင်နှုန်း ကို ထိန်းချုပ်ထားကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှ သိရသည်။ အဆိုပါ စွမ်းဆောင်ရည် သည် တရုတ်ကို ကမ္ဘာ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ အဖြစ်သို့ တွန်းပို့ ပေးသည်။

ယခုအခါ အနောက်နိုင်ငံမှ ထွန်းသစ်စ ပြိုင်ဖက်ကုမ္ပဏီများသည် မြေရှားသန့်စင်မှု နည်းလမ်းအသစ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဆိုပါက သတ္တုများကို မြန်မြန်ဆန်ဆန် သန့်စင်ပြီး စျေးသက်သာသော နည်းလမ်းများဖြင့် ထုတ်လုပ်နိုင်မည့် အလားအလာရှိသည်။

“လက်ရှိ အသုံးပြုနေတဲ့ မြေရှား သန့်စင်တဲ့ နည်းလမ်းက အိပ်မက်ဆိုးတခုလိုပါပဲ။ “အဲဒါကြောင့် ကုမ္ပဏီတွေက နည်းလမ်းအသစ်တွေကို ရှာဖွေဖို့ ကြိုးစားနေကြတယ်” ဟု Arizona တက္ကသိုလ်မှ သတ္တုတွင်းနှင့် ဘူမိဗေဒ အင်ဂျင်နီယာ ပါမောက္ခ အစ်ဘဲလ် ဘာတွန် က ဆိုသည်။

အဆိုပါ ဆန်းသစ်တီထွင်မှုဆိုင်ရာ နည်းပညာများသည် မျှော်မှန်းထားသည့်အတိုင်း ၂၀၂၅ ခုနှစ်တွင် အောင်မြင်ပါက ၎င်းတို့သည် တရုတ် ၏ အဆိပ်အတောက်များသော မြေရှား သတ္တုများအပေါ် မှီခို အားထားမှုကို လျှော့ချနိုင်မည်ဖြစ် ပြီး အနောက်နိုင်ငံ ကုမ္ပဏီများ ၏ အစီအစဉ်ကို ပံ့ပိုးပေးခြင်းဖြင့်လည်း မြေရှား သတ္တုကို စျေးနှုန်းသက်သက်သာသာ ဖြင့် ရရှိနိုင်မည် ဖြစ်ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အကြံပေးများ၊ ပညာရှင်များနှင့် အမှုဆောင်အရာရှိများ က မှတ်ချက် ပေးကြသည်။

ကုမ္ပဏီများသည် အဆိုပါ နည်းပညာအတွက် စီးပွားဖြစ် မလုပ်ဆောင်ကြသေးသော်လည်း ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို အပြင်းအထန်တွန်းအားပေးလုပ်ဆောင်နေကြသည်။

လူဝီစီယားနားရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းဟောင်းတခုတွင် Ucore Rare Metals (UCU.V) သည် RapidSX ဟု လူသိများသည့် နည်းပညာကိုအသုံးပြု၍ မြေရှားများကို ၂၀၂၅ နှစ်လယ် ပိုင်းတွင် သန့်စင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း နှင့်  ဓာတု ဖျော်ရည် ဖြင့် ခွဲထုတ် သန့်စင်ခြင်းထက် အနည်းဆုံး သုံးဆ ပိုမိုမြန်ဆန်ပြီး အန္တရာယ်ဖြစ်စေသော ဓာတုစွန့်ပစ် ပစ္စည်းများလည်း ထွက်လာမည် မဟုတ် ဟု ဆိုသည်။

"ကျွန်တော် တို့ ရဲ့ ရည်မှန်းချက်က မြောက်အမေရိက မြေရှား ထောက်ပံ့ရေးကွင်းဆက်ကို ပြန်လည် ထူထောင်ရန်ဖြစ်တယ်" ဟု Ucore ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် မိုက်ကယ် ရှက်ရိုက်ဒါ က ပြောကြားသည်။

ပင်တဂွန် မှ ရန်ပုံငွေဖြင့် စမ်းသပ်လုပ်ကိုင်နေသည့် Ucore သည် ပါဝင်နှုန်းမြင့်သော မြေရှား မြေရိုင်းများကို ဝယ်ယူရန် သတ္တုတွင်းကုမ္ပဏီ ၁၇ ခုနှင့် ဆွေးနွေးနေပြီး ၎င်းတို့ကို နယူးအော်လန်းစ် ဆိပ်ကမ်းသို့ တင်ပို့ကာ စတုရန်းပေ ၈၀,၈၀၀ ကျယ်ဝန်းသည့် သိုလှောင်ရုံသို့ သယ်ဆောင်သွားမည် ဖြစ်ပြီး ဇန်နဝါရီ တွင် RapidSX နည်းပညာဖြင့် စတင် စမ်းသပ်မည် ဖြစ်သည်။

Rainbow Rare Earths (RBWR.L) သည် ၎င်း ၏ ဖလော်ရီဒါအခြေစိုက် မိတ်ဖက် K-Technologies မှ လစ်သီယမ် ထုတ်လုပ်သူအချို့ အသုံးပြုသော “အဆက်မပြတ် အိုင်းယွန်းလဲလှယ်မှု” နည်းလမ်း ဖြင့် လုပ်ဆောင်သည့် မြေရှား သန့်စင်နည်းပညာကို ၂၀၂၆ တွင် တောင်အာဖရိက၌ လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။

Startup Aether သည် သတ္တုရိုင်းသိုက်များမှ မြေရှားကို ထုတ်ယူ၍ ပရိုတင်း နှင့် စနစ်တကျ ရွေးချယ် ပေါင်းစပ်လုပ်ဆောင်သော နာနိုနည်းပညာကို တီထွင်လျက်ရှိသည်။

နော်ဝေးတွင် ပုဂ္ဂလိကပိုင် REETec က ၎င်း၏ သီးသန့် သန့်စင်မှုလုပ်ငန်းစဉ်သည် ဓာတု ဖျော်ရည်ဖြင့် ခွဲထုတ် သန့်စင်ခြင်း (solvent extraction)  ထက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု  ၉၀ ရာခိုင်နှုန်း ပိုနည်းပြီး ၂၀၂၄ နှောင်းပိုင်းတွင် လည်ပတ်နိုင်သည်ဟု ဆိုသည်။

ပုဂ္ဂလိကပိုင် Phoenix Tailings က ယခုနှစ်အစောပိုင်းတွင် မက်ဆာချူးဆက်ပြည်နယ်မှ မြေရှား အနည်းငယ်ကို ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် စွန့်ပစ်ပစ္စည်းများကင်းစင် သော နည်းလမ်းကို အသုံးပြု၍ စတင်သန့်စင်ခဲ့သည်။

"မြေရှားကို ဓာတု ဖျော်ရည်ဖြင့် ခွဲထုတ်သန့်စင်ခြင်း (solvent extraction) ထက် များစွာ သာလွန်ကောင်းမွန်သော နည်းပညာများ ရှိသည်" ဟု အမေရိကန် စွမ်းအင်ဌာန Idaho အမျိုးသား ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင် ရောဘတ်ဖော့က်စ် က ပြောကြားသည်။

အထူးသဖြင့် ယခုနှစ် အစောပိုင်းတွင် ဂျာမန်နီယမ်(germanium) ၊ ဂရပ်ဖိုက်(graphite) နှင့် အခြားသတ္တုများ တင်ပို့မှုကို တားမြစ်သော တရုတ်၏ ဆုံးဖြတ်ချက်ကြောင့် အခြားရွေးချယ်စရာများ ပိုမိုလိုအပ်လာသည်။ ယင်းကြောင့် မြေရှား သန့်စင်မှု ပေါ်တွင် နောက်ဆက်တွဲ စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

Fannon နှင့် အမေရိကန် နိုင်ငံရေးသမား အများအပြားက ကနေဒါမှ အကောင်အထည်ဖော်နေသော မြေရှား စီမံဆောင်ရွက်မှု ဗဟိုဌာနများ တည်ထောင်ရန် အနောက်နိုင်ငံ အစိုးရများကို တောင်းဆိုခဲ့ကြသည်။

ကနေဒါတွင် အစိုးရသိပ္ပံပညာရှင်များက ၂၀၂၀ တွင် တရုတ်နည်းပညာကို ဝယ်ယူရန် ကြိုးပမ်းပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင်နည်းပညာဖြင့် မြေရှားစတင်ထုတ်လုပ်သန့်စင်ရန် လုပ်ဆောင်ခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ရှိပြီးသား နည်းပညာများကို အသုံးချပြီး  ပိုကောင်းတဲ့ နည်းလမ်းတခု ရှိပါတယ်'" ဟု ပြည်နယ်အစိုးရမှ ရန်ပုံငွေပံ့ပိုးထားသည့် Saskatchewan Research Council (SRC) ၏ CEO ဖြစ်သူ မိုက် ခရက်ဘ်ထရီး က ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ဉာဏ်ရည်တု နည်းပညာ ကို အသုံးပြု၍ တရုတ်ပြိုင်ဘက်များထက် ပိုမိုထိရောက်အောင် စီမံဆောင်ရွက်ပေးသည့် စက်ကိရိယာများကို ဒီဇိုင်းထုတ်ခဲ့သည်။ အလုပ်သမား ၁၀၀ လိုအပ်မည့် သမားရိုးကျ ခွဲထုတ် သန့်စင်ခြင်း နည်းထက် စက်ရုံလည်ပတ်ရန် လူလေးဦးသာ လိုအပ်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မှု စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း SRC မှ ခန့်မှန်းထားသည်။

SRC ၏ ရည်မှန်းချက်မှာ ကနေဒါနိုင်ငံတဝန်း မြေရှားသန့်စင်လုပ်ငန်း လုပ်ဆောင် မှု ကို အားပေးရန် ဖြစ်ပြီး အဆိုပါ နည်းပညာကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှ မဆို အသုံးပြုနိုင်ရန် လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း ခရက်ဘ်ထရီး က ပြောကြားသည်။

ခရက်ဘ်ထရီး နှင့် SRC တို့ က စက်ရုံ ဆောက်လုပ်ရာတွင် တရုတ် ထက် ပိုမိုကုန်ကျမည်ဟု ခန့်မှန်း ထားသော်လည်း လည်ပတ်မှု စရိတ် သက်သာမည် ဖြစ်ပြီး၊  စွန့်ပစ်ပစ္စည်းများ ထွက်ရှိမည် မဟုတ်ဘဲ၊ အက်ဆစ်နှင့် အခြားအဓိကဓာတုပစ္စည်းများကိုလည်း  ပြန်လည် အသုံးပြုနိုင်မည် ဖြစ်သည်။

မြေရှားသန့်စင်မှု နည်းလမ်းအသစ်ရှာဖွေနေကြသော SRC၊ Ucore နှင့် အခြားနည်းပညာကုမ္ပဏီများက ၎င်းတို့၏ သန့်စင်မှုလုပ်ငန်းစဉ်အသစ်များသည် ကမ္ဘာတဝန်းရှိ နေရာအများအပြားမှ အရေးပါသော ဓာတ်သတ္တုများကို သန့်စင်ပေးနိုင်မည်ဟု ယုံကြည်ကြသည်။

" သုည က စရတဲ့ ပန်းတိုင် တွေကို အရောက်လှမ်းနိုင်ရင် မြေရှားအတွက် ဒီရင်းမြစ်အသစ်က အဓိကပါပဲ" ဟု Sprott Energy Transition Materials ETF (SETM.O) မှ စတိဗ် စကောဖ်စ‌တောလ် က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly