စစ်ကောင်စီ၏ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီဘုရားပုထိုးများ ပျက်စီး

By ဓါတု (မဇ္ဈိမ)
14 December 2023
စစ်ကောင်စီ၏ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီဘုရားပုထိုးများ ပျက်စီး
ပုံအညွှန်း- ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ညနေတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သည့် ရတနာ့မာန်အောင်စေတီ (Photo-CJ)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီ၏ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် ရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းရှိ စေတီဘုရားပုထိုးများ ထိခိုက်ပျက်စီးသွားကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယနေ့ ဒီဇင်ဘာလ၁၄ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေ ၃ နာရီတွင် မြောက်ဦးမြို့၏ မြို့ပြင်တနေရာ၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၄ နာရီ ၂၈ မိနစ် ခန့်တွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် မြောက်ဦးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် မြောက်ဦးမြို့ရှိရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းမှ ရတနာ့မာန်အောင်စေတီ၊ ဘုရားသိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့အား ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

စစ်ကောင်စီသည် မြောက်ဦးမြို့၏ ရှေးဟောင်းသမိုင်းဝင်စေတီများဖြစ်ကြသော သျှစ်သောင်းပုထိုး အရှေ့ဘက် လေးဖာလုံအကွာတွင်ရှိသည့် မာန်ငါးပါးဘုရားစေတီများရှိရာ ဘုရားပရဝဏ်အတွင်းသို့ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံသိရသည်။

"သမိုင်း၀င် မာရ်ငါးပါးစေတီတည်ရှိတဲ့ သကျမာရ်အောင်စေတီအနီးတဝိုက်ကို စကစရဲ့ ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့လို့ ရတနာ့မာရ်အောင်စေတီတော်ကိုကျည်ထိမှန်ခဲ့တယ်လို့ သိရတယ်"ဟုဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ထို့အပြင် မင်္ဂလမာရ်အောင်အထက်ဘက် တောင်ကြောတလျှောက်နှင့် သက္ကျမာရ်အောင်ဘုရားအနီး ပတ်ဝန်းကျင်ကိုလည်း စစ်ကောင်စီတပ်မှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ရှေးဟောင်းဘုရားပုထိုးများအပြင် စေတီနားတဝိုက်တွင်ရှိသော ကျေးရွာအချို့ကိုလည်း လေကြောင်းအပါအဝင် လက်နက်ကြီးများနှင့်လည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း မြောက်ဦးမြို့ခံတဦးက ပြောသည်။

"သူတို့(စစ်ကောင်စီ)ကျည်တွေနဲ့ ရမ်းသန်းတိုက်ခိုက်နေတာ မနေ့က နာရီဝက်တလုံး၊ တနာရီတလုံးပစ်နေတာ ဒေသခံထောင်ချီ ထွက်ပြေးနေရတယ်"ဟု ၎င်းကပြောသည်။

ယမန်နေ့က AA နှင့်စစ်ကောင်စီတို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့ ဒီဇင်ဘာလ ၁၄ ရက် လက်ရှိနံနက်ပိုင်းတွင်မူ တိုက်ပွဲခေတ္တငြိမ်သက်နေကြောင်း ဒေသခံများကဆိုသည်။

တိုက်ပွဲအခြေအနေကြောင့် မြောက်ဦးမြို့တွင် တိုက်ပွဲအနီးနားတွင် နေထိုင်သော ဒေသခံထောင်ဂဏန်းမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

  ယမန်နေ့ တချိန်ထဲမှာပင် မြောက်ဦးမြို့အပြင် မင်းပြားမြို့နယ်၊ ပန်းမြောင်း‌ကျေးရွာအနီးရှိ  ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များရှိရာ တောင်တန်းတလျှောက်ကိုလည်း စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း AA မှထုတ်ပြန်ထားသည်။

  ထို့အပြင် ယမန်နေ့ကလည်း အမ်းမြို့ရှိ ကဇူးကိုင်းဗျူဟာကုန်းတွင်  ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဝေဟင်မှဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားများတည်ရှိရာကျေးရွာများသို့ ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်မှစ၍ နေ့လယ်ပိုင်းအချိန်ထိ စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် တပ်ရင်းများဖြစ်သော ခမရ (၃၇၇) နှင့် ခမရ (၅၄၀) တပ်ရင်းများမှ မြောက်ဦးမြို့နယ်ရှိ ကျေးရွာအချို့အား လက်နက်ကြီးများဖြင့် အဆက်မပြတ်ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly