၂၀၂၃ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသည့် သတင်းသမားဦးရေ ကျဆင်းဟု RSF ပြော

၂၀၂၃ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသည့် သတင်းသမားဦးရေ ကျဆင်းဟု RSF ပြော
Photo-AFP

ပြီးခဲ့သည့် နှစ်လအတွင်း ဂါဇာ၌ သတင်းသမား သေဆုံးမှုများ ရှိလင့်ကစား ယခုနှစ်အတွင်း တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသည့် သတင်းသမားဦးရေက ကျဆင်းခဲ့ကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

၂၀၂၃ ၏ ပထမ ၁၁ လအတွင်း သတင်းသမား ၄၅ ဦး သတင်းလိုက်ရင်း အသတ်ခံခဲ့ရပြီး ယမန်နှစ်က ၆၁ ဦးနှင့် ယှဉ်လျင် ကျဆင်းခဲ့ကြောင်း RSF ၏ တနှစ်တာ အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၀၂ ခုနှစ်က ၃၃ ဦး သေဆုံးပြီးနောက်ပိုင်း ယင်းသည် အနည်းဆုံးသော သေဆုံးမှုအရေအတွက်လည်း ဖြစ်သည်။ အဓိကအားဖြင့် လက်တင် အမေရိကတွင် သိသိသာသာ ကျဆင်းခြင်းကြောင့် ဖြစ်သည်။

အစ္စရေးနှင့် ဟားမတ်စ်အကြား အောက်တိုဘာ ၇ ရက် တိုက်ပွဲစဖြစ်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် ဂျာနယ်လစ် ၆၃ ဦး သေဆုံးခဲ့သော်လည်း အဆိုပါ သေဆုံးမှုများအနက် ၁၇ ဦးသာလျင် RSF ၏ သတ်မှတ်ချက်အောက်တွင် ပါဝင်သည်။

“ဂါဇာက အဖြစ်ဆိုးတွေနဲ့ ဘာမှမခြားဘူးဆိုပေမယ့် မိမိတို့ဟာ ပုံမှန် ကျဆင်းမှုတခုကို တွေ့နေရပါတယ်။ ဒီအရေအတွက်ဟာ ဆီးရီးယားနဲ့ အီရတ် စစ်ပွဲတွေကြောင့် ၂၀၁၂ နဲ့ ၂၀၁၃ မှာ အသတ်ခံရတဲ့ ဂျာနယ်လစ် ၁၄၀ ဆိုတာနဲ့ ယှဉ်ရင် အတော့်ကို နည်းသွားပါပြီ” ဟု RSF ၏ အထွေထွေအတွင်းရေးမှူး ခရစ္စတိုဖီ ဒီလွိုင်က အေအက်ဖ်ပီကို ပြောသည်။

ယခုနှစ် အသတ်ခံရသည့် သတင်းသမားဦးရေ ကျဆင်းမှုက ပြစ်ဒဏ်ခတ်မခံရမှုကို တိုက်ဖျက်ရန် အစိုးရအချင်းချင်းကြား အဖွဲ့အစည်းများနှင့် NGO များ၏ အားထုတ်မှုကြောင့်အပြင် သတင်းထောက်များကိုယ်တိုင်၏ ကြီးမားသည့် ဆင်ခြင်မျှော်တွေးမှုတို့ကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၇ ရက်နောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသည်ဟု RSF က ထည့်သွင်းရေတွက်ထားသည့် သတင်းသမား ၁၇ ဦးအနက် ၁၃ ဦးသည် ဂါဇာ၌ အစ္စရေး၏ ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး သုံးဦးသည် လက်ဘနွန်တွင် သေဆုံးခြင်းဖြစ်ကာ နောက်တဦးသည် အစ္စရေး၌ ဟားမတ်စ်ကြောင့် သေဆုံးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly