ရခိုင်ပြည်နယ် မြို့အချို့ ဆန်ပြတ်လပ်မှုများကြုံနေရ

By ဓါတု(မဇ္ဈိမ)
30 November 2023
ရခိုင်ပြည်နယ် မြို့အချို့ ဆန်ပြတ်လပ်မှုများကြုံနေရ
Photo -EPA/NYUNT WIN

ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင် ဆန်ရိက္ခာများပြတ်လပ်မှုများကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်စသည့်မြို့များတွင် ဆန်ပြတ်လပ်မှုများရှိလာသဖြင့် လက်ကျန်ဆန်များသာ လျှော့စားနေရသည့်အနေအထားဖြစ်နေ၍ မောင်တောမြို့တွင်မူ လက်ကျန်ဆန်ပါ ပြတ်လပ်သည့်အထိ ဝယ်ယူရန်မရတော့ကြောင်း ဒေသခံများကဆိုသည်။

"ဆန်မရှိတော့ဘူး ပြတ်ပြီ၊ မနေ့က စပြတ်တာ။ ဝယ်ဖို့ဆိုင်မှာကို မရှိတော့တာ။ တခြားစားသောက်စရာ လက်ကျန်လည်း ဘာမှမရှိတော့ဘူး။ ကြက်ဥလည်း ဝယ်မရတော့ဘူး။ ဆင်းရဲသားတွေဆို အရင်ရက်ထဲက ဝယ်မစားနိုင်တော့ဘူး "ဟု မောင်တောမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ မောင်တောဒေသတွင် ယခင်ရက်များက လက်ကျန်ဆန်များရောင်းချခဲ့ရာ ပေါ်ဆန်းမွှေးတအိတ်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်မှ ၂၂၀,၀၀၀ ၊ စားဆီိဖြစ်သည့် စားအုန်းဆီ တပိဿာ ကျပ် ၈,၀၀၀ ကျော်မှ ၂၀,၀၀၀ကျပ်၊ ကြက်ဥတလုံး ၂၅၀ မှ ၉၀၀ ကျပ်အအထိ စျေးမြင့်တက်သွားခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်မှစကာ ယနေ့အချိန်ထိ ဝယ်ယူ၍မရတော့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် ပေါက်တောမြို့နှင့်အနီးကျေးရွာများတွင်လည်း ဆန်များပြတ်လပ်လာသောကြောင့် လက်ကျန်ဆန်များအားလျှော့စားနေရကြောင်း ပေါက်တောမြို့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက ဆိုသည်။

"ဆန်တွေပြတ်နေပြီ။ အခြေခံစားသောက်ကုန် အကုန်နီးနီး ဘာမှမရှိတော့ဘူး။ အဓိကလမ်းပိတ်ထားလို့ စစ်တွေဘက်လည်း သွားဝယ်မရတော့ဘူး။ အရင်က ဆန်တဘူးချက်ကို အရင်လိုစားလို့ မရတော့ဘူး။ ထမင်းတပန်းကန်ဆို ပန်းကန်တဝက်ပဲစားရတယ်။ စစ်ရှောင်တွေ ဟင်းရွက်တွေခူးစားနေရတယ်။ တချို့ဆို ဟင်းတောင်မပါဘဲ ထမင်းနည်းနည်းလေးပဲ မျှစားနေရတယ် မလောက်ငှဘူး။ ဖုန်းလိုင်းတွေပြတ်တော့ တောင်ပေါ်တက်ပြီးသုံးရတယ် "ဟု ၎င်းကပြောသည်။

အလားတူပုဏ္ဏားကျွန်းနှင့် ကျောက်တော်ရှိ ကျေးရွာအများစုတွင်လည်း ဆန်ပြတ်လပ်လာသောကြောင့်  လက်ကျန်ဆန်များအား ဝေမျှလျှော့စားနေရကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်သတ္တပတ်က စက်သုံးဆီပြတ်လပ်သွားသဖြင့် စပါးစိုက်ပျိုးမြေများတွင် လယ်ထွန်ရန် စက်သုံးဆီမရှိသောကြောင့် ဆန်များပြတ်လပ်လာသလို တမြို့နှင့်တမြို့ အဝင်အထွက်လမ်းကြောင်းများအား စစ်ကောင်စီမှပိတ်ဆို့ထားမှုကြောင့် ယခုလိုဆန်ရိက္ခာများပြတ်လပ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြသုံးသပ်သည်။

 စစ်ကောင်စီအနေဖြင့် ယခုလိုကုန်စည်စီးဆင်းမှု လမ်းကြောင်းများအပြင်မြို့အဝင်အထွက်များ ဆက်လက်ပိတ်ဆို့ထားပါက ဒေသတွင်းအရပ်သားပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။

ရခိုင်ပြည်နယ်တွင် အဓိကအားထားရာကုန်ပစ္စည်းနှင့် အခြေခံစားသောက်ကုန်များကို စစ်တွေမြို့ပေါ်သို့ လက်ကျန်များဝယ်ယူရန် စစ်ကောင်စီဘက်မှာမြို့အဝင်အထွက်ဂိတ်များတွင် သွားလာမှုများ ကန့်သတ်ပိတ်ဆို့ထားမှုနှင့်အတူ ယာဥ်များဖြင့်သွားဝယ်ရန် စက်သုံးဆီပြတ်လပ်မှုကြောင့် ဝယ်ယူရန်ခက်ခဲနေကြောင်း လူမှုကူညီရေးအသင်းတသင်းမှ တာဝန်ခံကပြောသည်။

အခြေခံစားသောက်ကုန်များ အဓိကဝင်သည့် ပြည်မလမ်းကြောင်းများကိုလည်း စစ်ကောင်စီတပ်မှကုန်းကြောင်း၊ ရေကြောင်းလမ်းပန်း ဆက်သွယ်ရေးများကို နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၃၀ ရက်အထိပိတ်ဆို့နေဆဲဖြစ်သောကြောင့် ဒေသတွင်းပြည်သူများ ဒုက္ခရောက်နေခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီ၏ ရက်ပေါင်း ၁၇ ရက်ကြာ ပိတ်ဆို့မှုများကြောင့်  ဒေသခံများ၏အဆိုအရ ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်သွားသဖြင့် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT တာဝါတိုင်များမှာ ဆီကုန်ခမ်းလာသောကြောင့် ရခိုင်ပြည်နယ်မြို့အများစုတွင် MPT လိုင်းများပြတ်တောက်သွားခြင်း၊ ကုန်သွယ်စီးဆင်းမှုရပ်တန့်သွားခြင်းကြောင့်စားသောက်ကုန်များ ပြတ်လပ်လာခြင်းများ ဖြစ်ပေါ်လာသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။

ပေါက်တောမြို့တွင်း တိုက်ပွဲများပြင်းထန်သကဲ့သို့ ပလက်ဝဒေသရှိ “နှုံးဘူးဗျူဟာ” နှင့် “တရွန်အိုင်ဗျူဟာ” ကုန်းအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူရေးတိုက်ပွဲများမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly