နမ့်ဆန်မြို့က လက်ဖက်ခြောက်စက်ရုံကို TNLA အပြီးသတ် သိမ်းပိုက်

နမ့်ဆန်မြို့က လက်ဖက်ခြောက်စက်ရုံကို TNLA အပြီးသတ် သိမ်းပိုက်
ဓာတ်ပုံ- ရွှေဖီမြေသတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့က “ရွှေဖီမြေ” လက်ဖက်ခြောက် စက်ရုံကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

အဆိုပါ စက်ရုံကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်တရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်မှ Y12 လေယာဥ်ဖြင့် သုံးကြိမ် လာရောက်ပစ်ကူ တိုက်ခိုက်ခဲ့သကဲ့သို့ စစ်ကောင်စီ၏ မန်တုံ (၁၃၀) တပ်စခန်းကလည်း လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း TNLA ဘက်က ပြောသည်။

စက်ရုံထဲတွင် စစ်ကောင်စီတပ်က ရိက္ခာများသိုလှောင်ကာ ခံတပ်အခိုင်အမာ ပြုလုပ်ထားပြီး တိုက်ခိုက်ပြီးနောက် စက်ရုံထဲသို့ ဝင်ရောက်ရှင်းလင်းချိန်တွင်စစ်သားအလောင်းအချို့နှင့် လက်နက်များတွေ့ရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းသုံးဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ တဦးသေဆုံးပြီး စေတီပုထိုးနှင့် နေအိမ်များ ထိခိုက်မီးလောင်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

 နမ့်ဆန်မြို့ရှိ ပတ္တမြားစေတီဘုရားနှင့် နမ့်မဝေါရပ်ကွက်ရှိ ဒေသခံနေအိမ် နှစ်လုံးမီးလောင်ကာ အိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် အထက်မန်လွယ်ကျေးရွာအတွင်း လက်နက်ကြီး ရှစ်လုံးကျရောက်ပေါက်ကွဲပြီး နေအိမ်နှစ်လုံး ပျက်စီးကာ ပန်လောကျေးရွာရှိ နေအိမ်ခုနစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။

 ဒီဇင်ဘာလ ၁၂ ရက်နေ့က တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြေင့် နမ့်ဆန်မြို၊ နမ့်မဝေါရပ်ကွက်တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသားတဦး သေဆုံးသွားခဲ့သည်။

စစ်ကောင်စီတပ်၏ တပ်စခန်းများ အားလုံးနီးပါး သိမ်းပိုက်ခံထားသော နမ့်ဆန်မြို့တွင် တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်နေပြီး မြို့ခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

နာမည်ကျော် လက်ဖက်ခြောက် ထွက်ရှိသော နမ့်ဆန်မြို့နှင့် ကားလမ်းဖြင့် ၇၆ မိုင်ခန့်ဝေးကွာသော ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ယမန်နေ့တွင် စစ်ကောင်စီတပ်မှ အေရှာဝေါဂိတ်နှင့် ဟိုစွန်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly