NUG ကာကွယ်ရေးဒုဝန်ကြီး ရေးအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် မြေပြင်ကွင်းဆင်းတွေ့ဆုံ

By YT(မဇ္ဈိမ)
14 December 2023
NUG ကာကွယ်ရေးဒုဝန်ကြီး ရေးအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် မြေပြင်ကွင်းဆင်းတွေ့ဆုံ
ပုံအညွှန်း- NUG၊ MOD ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက် ရေးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံပုံ (ဓါတ်ပုံ- MOD)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ဒုတိယဝန်ကြီးနိုင်ကောင်းရွက်သည် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း (၁) ၊ ရေးပြောက်ကျားတပ် (YGF) ၊ Ye Defence Force (YDF) ၊ Mon State Revolutions Organization (MSRO) ၊ Ye Air Force (YAF) စသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်းဟု MODက ယနေ့ ဒီဇင်ဘာလ ၁၄ရင်နေ့လယ်တွင် သတင်းထုတ်ပြန်သည်။

ဝန်ကြီးတဦးက ယခုကဲ့သို့ တော်လှန်ရေးအဖွဲ့အစည်းများရှ်ိရာ မြေပြင်သို့ဆင်း၍ တွေ့ဆုံခြင်းသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား စိတ်ခွန်အားတက်ကြွစေကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတလနိုင်က မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း- NUG၊ MOD ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက် ရေးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံပုံ (ဓါတ်ပုံ- MOD)

" ဒါ( တွေ့ဆုံမှု)က ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ကောင်းတဲ့ လက္ခဏာလို့ပြောလို့ရတယ်။ နောက်တခုက နှစ်နှစ်ကျော် သုံးနှစ်ကာလ နီးပါးထဲမှာ ရဲဘော်တွေဟာ စိတ်ပိုင်းဆိုင်ရာအရ ခံစားရတာတွေ အများကြီးရှိတယ်။ ဒီလိုမျိုး ရဲဘော်တွေနဲ့ လာတွေ့တယ်၊ ရဲဘော်တွေကို အားပေးစကားတွေပြောတယ်ဆိုတော့ ရဲဘော်တွေအနေနဲ့လည်း စိတ်ဓါတ်တက်ကြွတယ်။ စိတ်ခွန်အားတွေ ဖြစ်စေတယ်" ဟုဗိုလ်ကြီးတလနိုင်ကပြောသည်။

၎င်းက ဆက်လက်၍ " ရှေ့လျှောက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးဖြစ်တယ်" ဟု ဆိုသည်။

ပုံအညွှန်း- NUG၊ MOD ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက် ရေးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံပုံ (ဓါတ်ပုံ- MOD)

မြေပြင်စစ်ဆင်ရေးကိစ္စများ၊PDFများ​၏ တပ် ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်​ (PRF) ၏ အရေးပါပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး မြေပြင်ရဲဘော်များကလည်း တော်လှန်ရေးကာလ နှစ်နှစ်ကျော်အတွင်း ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်နှင့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း MOD က ထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့တော်လှန်ရေးအလံတော်ကို အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်မှုများတွင် ကျဆုံးခဲ့ရသူများကို ဂုဏ်ပြုဦးညွှတ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

ပုံအညွှန်း- NUG၊ MOD ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက် ရေးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံပုံ (ဓါတ်ပုံ- MOD)

ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် ယခု တွေ့ဆုံခဲ့သည့် တော်လှန်ရေးအင်အားစုများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မဟာမိတ်တပ်ပေါင်းစုများအနေဖြင့် ပေါင်းစည်းခဲ့သည့်အဖွဲ့များဖြစ်သည်။
 
မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွင် နှစ်ပေါင်း ၃၀ ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် အသက် ၇၁ နှစ် အရွယ်နိုင်ကောင်းရွက်သည်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ၁၆ရက်နေ့တွင် တာဝန်ယူခဲ့သည်။

စာတည်း- အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required