ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က တပ်ဖွဲ့ဝင်အသစ်များ ခေါ်ယူနေ 

By မဇ္ဈိမ 
05 December 2023
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က တပ်ဖွဲ့ဝင်အသစ်များ ခေါ်ယူနေ 
ပုံအညွှန်း- BPLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (photos- BPLA) 

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေး ၁၀၂၇ တွင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က တပ်ဖွဲ့ဝင်အသစ်များ ခေါ်ယူနေကြောင်း BPLA တာဝန်ခံ မောင်ဆောင်းခက မဇ္ဈိမကို ပြောသည်။

BPLA ၏ တပ်သားသစ်စုဆောင်းရေးနှင့် စိစ်ရေးဌာနက ထုတ်ပြန်ထားသော အချက် ငါးချက်အပေါ် အခြေခံကာ တပ်ရင်းတရင်းစာနှင့် ညီမျှသော တပ်ဖွဲ့ဝင် အရေအတွက်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အပစ်စဉ် (၆) ခုမြောက်အတွက် သင်တန်းသားသစ်များ ခေါ်ယူနေခြင်းဖြစ်ပြီး သင်တန်းကာလ အနည်းဆုံး သုံးလဝန်းကျင် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

“တပ်ကချမှတ်ထားတဲ့မူဝါဒတွေကို သေချာလေ့လာထားပြီး အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူတွေကို အဓိကခေါ်ယူပါမယ်၊ BPLA Messenger ကနေ ဆက်သွယ်လို့ရပါတယ်” ဟု BPLA တာဝန်ခံ မောင်ဆောင်းခက မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ BPLA သည် ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်မှုအောက်တွင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည့်အပြင် KNU တပ်မဟာ (၁)နှင့် (၃) မှာလည်း KNLA ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်နေကြောင်း ၎င်းက ပြောသည်။

“အခုလိုအောင်ပွဲတွေရတယ်ဆိုတာက လူထုရဲ့ ဦးဆောင်ပါဝင်မှုကြောင့် ဖြစ်ပါတယ်၊ BPLAအနေနဲ့ လူထုတရပ်လုံးလွတ်မြောက်ရေးအတွက် အဆုံးထိတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု BPLA တာဝန်ခံက ဆက်ပြောသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ဗမာလူမျိုးကိုယ်စားပြု တော်လှန်ရေး အဖွဲ့အစည်းတခုဖြစ်သည့် BPLA ကို ၂၀၂၁ ခုနှစ်ဧပြီလ (၁၇) ရက်နေ့တွင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly