EROs ခေါင်းဆောင်များတွင် “ပြည်ထောင်စု စိတ်ဓာတ်” ရှိပြီး တော်လှန်ရေးအဖွဲ့များ ရှေ့ဆက်ချီတက်နေဟု NUG ကာကွယ်ရေး၀န်ကြီး ‌ပြော

By မဇ္ဈိမ 
13 December 2023
EROs ခေါင်းဆောင်များတွင် “ပြည်ထောင်စု စိတ်ဓာတ်” ရှိပြီး တော်လှန်ရေးအဖွဲ့များ ရှေ့ဆက်ချီတက်နေဟု NUG ကာကွယ်ရေး၀န်ကြီး ‌ပြော
Photo- ဦးရည်မွန်ဖေစ့်ဘွတ်

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) ခေါင်းဆောင်များ အားလုံးနီးပါးတွင် “ပြည်ထောင်စု စိတ်ဓာတ်” ရှိပြီး တော်လှန် ပြည်သူများနှင့်အတူ တော်လှန်ရေးအဖွဲ့များ ရှေ့ဆက်ချီတက်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏လူမှုကွန်ရက်တွင် ‌ရေးသားထားသည်။

“ပြည်သူ့တော်လှန်ရေး သုံးနှစ်ဝန်းကျင် ကာလအတွင်း EROs ခေါင်းဆောင် အားလုံးနီးပါးနဲ့ လူကိုယ်တိုင်ရော အွန်လိုင်းကပါ အဆက်မပြတ် တွေ့ဆုံဖြစ်ပါတယ်၊ ဒီလိုတွေ့ဆုံတိုင်း အထူးသတိပြုမိတာက ခေါင်းဆောင်အားလုံးမှာ “ပြည်ထောင်စု စိတ်ဓာတ်” ရှိကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်” ဟု ဦးရည်မွန်က ရေးသားထားသည်။

“ခွဲထွက်ဖို့ ပြည်ပသြဇာခံဖို့ ဘယ်သူမှ မစဉ်းစားကြဘဲ တိုင်းရင်းသား လူမျိုးစုတိုင်း ကိုယ့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်၊ ဂုဏ်သိက္ခာရှိရှိ အားလုံးအကျိုးတူ လက်တွဲပူးပေါင်းပြီး လွတ်လပ်တဲ့ ပြည်ထောင်စုသစ် ထူထောင်ဖို့ပဲ စိတ်ဆန္ဒ ရှိကြတယ်ဆိုတာ တွေ့ရတယ်”ဟုလည်း ဦးရည်မွန်က ပြောသည်။

ပြည်ထောင်စုသစ် ထူထောင်ရာတွင် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်မှသာ ရရှိမည်ဆိုသည်ကိုလည်း သဘောထားရှိကြကြောင်း၊ အမြစ်ဖြတ်နိုင်ရန် တဦးကောင်းတယောက်ကောင်းနှင့်လည်း မရ‌ကြောင်း၊ NUG နှင့် တိုင်းရင်းသားများအကြား အ‌ခြေခံနားလည် ယုံကြည်မှုများရှိနေသည်ဟု ၎င်းက ‌ပြောသည်။

"NUG နဲ့EROs တွေကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထား ရှိပြီလားလို့ မေးရင် အရေးကြီးပြီး အခြေခံကျတဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘာထားများ ရှိပြီး ဖြစ်တယ်လို့ ဖြေချင်ပါတယ်၊ နိုင်ငံရေးရော စစ်ရေးပါ မဟာဗျုဟာပိုင်း ညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှု တောက် လျှောက်ရှိခဲ့တယ်၊ ရှိနေတယ်လို့ အသိပေးလိုပါတယ်" ဟု ဦးရည်မွန်က ‌ပြောသည်။

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးပါက ဖက်ဒရယ်ယူနစ်ကိစ္စများကို ကိုင်တွယ်ကြသည့်အခါတွင်လည်း အင်အားအသုံးမပြုကြဘဲ စားပွဲဝိုင်းမှာပဲ ကျေလည်အောင် ဆွေးနွေးကြရန် အားလုံး သံန္နိဌာန်ချပြီးဖြစ်ကြောင်းလည် NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ‌ပြောထားသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly