ကုန်းကြမ်းမြို့ကို သိမ်းပိုက်ထားပြီး ခလရ (၁၂၅) တပ်ရင်း အလံဖြူပြ လက်နက်ချဟု MNDAA ပြော

By ရွှေနွယ် (မဇ္ဈိမ)
29 November 2023
ကုန်းကြမ်းမြို့ကို သိမ်းပိုက်ထားပြီး ခလရ (၁၂၅) တပ်ရင်း အလံဖြူပြ လက်နက်ချဟု MNDAA ပြော
ပုံအညွှန်း- ကုန်းကြမ်းမြို့ (Photo- Google)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ခရိုင်ရှိ ကုန်းကြမ်းမြို့ကို ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်နေ့က အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၁၂၅) မှ စစ်ကောင်စီတပ်သားများ အလံဖြူပြ၍ လက်နက်ချခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကို ပြောသည်။

"ကုန်းကြမ်းဒေသတခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ပြောလို့ရပါတယ်၊ ခလရ (၁၂၅) ကအလံဖြူထောင် လက်နက်ချ အလင်းဝင်လာခဲ့ပြီ" ဟု MNDAA ၏ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကို ပြောသည်။

အလံဖြူပြ လက်နက်ချလာသည့် အမှတ် (၁၂၅) ခြေလျင်တပ်ရင်းသည် လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်နက်ချလာခြင်းဖြစ်ကြောင်း ပြောသည်။

လက်နက်ချသည့် တပ်ဖွဲ့အရေအတွက်နှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အရေအတွက်ကို စာရင်းပြုစုဆဲဖြစ်သည့်အတွက် မကြာမီတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

MNDAA အနေဖြင့် အဆိုပါ ကုန်းကြမ်းမြို့နှင့် အနီးတဝိုက်ဒေသများအား ရှင်းကိုင်းဒေသဟုသာခေါ်ဆိုပြီး စစ်ကောင်စီတပ်သည် ၁၉၉၂ ခုနှစ်မှ စတင်ကာ ကုန်းကြမ်းမြို့ရှိ စစ်စခန်းကို အခိုင်အမာတည်ဆောက်ထားခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် ကိုးကန့်ဒေသ၌ တိုက်ပွဲများပြင်းထန်မှုရှိခဲ့သော်လည်း အဆိုပါ ကုန်းကြမ်းစခန်းအား MNDAA ဘက်မှသိမ်းပိုက်နိုင်ခြင်းမရှိဘဲ ယခု ၁၀၂၇ စစ်ဆင်ရေးတွင်မှ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

"သူက ကွမ်းလုံဗျူဟာကုန်းကဲ့သို့ ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ စခန်းကြီး တခုဖြစ်တယ်၊ ဆိုတော့ ဒီလို နှစ် ၄၀ ကျော်ကြာ ခိုင်ခိုင်မာမာ တည်ဆောက်လာတဲ့ စခန်းကြီးက ကျွန်တော်တို့ ၁၀၂၇ စစ်ဆင်ရေးမှာ လက်လွတ်ဆုံးရှုံးခဲ့ရပြီဆိုတော့ စစ်ကောင်စီရဲ့ပြိုကွဲမှု အတွင်းပိုင်းကနေ ပျက်စီးနေမှုကိုတော့ တွေ့မြင်နိုင်ပါတယ်" ဟု MNDAA ပြောခွင့်ရသူ လီကျားဝင်းက ပြောသည်။

လောက်ကိုင် ဒကစ လက်အောက်တွင် အမှတ် (၁၂၅)၊ အမှတ် (၁၂၇)၊ အမှတ် (၁၂၈)၊ အမှတ် (၁၂၉) ၊ အမှတ် (၂၃၉)၊ အမှတ် (၃၁၂) နှင့် အမှတ် (၃၂၂) ဟူ၍ ခြေလျင်နှင့် ခြေမြန်တပ်ရင်း ခုနှစ်ခုရှိသည်။

ထိုတပ်ရင်းများအနက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း လောက်ကိုင်အခြေစိုက် ခြေလျင်တပ်ရင်း (၁၂၉) မှ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ တပ်ရင်းလိုက် လက်နက်ချခဲ့ကြသေးသည်။

ထို့ပြင် အမှတ် (၁၂၈) ပါစင်ကျော်တပ်ရင်းကိုလည်း MNDAA က သိမ်းပိုက်ရရှိထားသည်။

စစ်ဆင်ရေး ၁၀၂၇ အတွင်း MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကွမ်းလုံ၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များသည် လောက်ကိုင်မြို့သိမ်းတိုက်ပွဲအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြပြီး နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်၏ တပ်စခန်းအကြီး၊ အသေး စုစုပေါင်း ၁၈၀ ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly