ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်

By မောင်ခက်နွေ(မဇ္ဈိမ)
29 November 2023
ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန(MOD)က ယမန်နေ့ နိုဝင်ဘာလ ၂၈ရက်ညတွင် သတင်းထုတ်ပြန်သည်။

ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို နိုဝင်ဘာလ ၂၁ရက်၊ နံနက် ၆နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး  နိုဝင်ဘာလ (၂၂) ရက်၊ ညနေ ၆ နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မြို့ကိုသိမ်းယူပြီး ခုနစ်ရက်အကြာမှ MOD က တရားဝင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ရန်သူ့တပ်သား ရှစ်ဦး ဖမ်းဆီးနိုင်ခဲ့ပြီး  လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

ရွှေပြည်အေးမြို့ လတ်တလောအခြေအနေနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက "  " မြို့ထဲမှာ ဘာစစ်စခန်းမှမရှိ‌‌တော့ဘူး။ ကျနော်တို့ ထိန်းချုပ်ထားပါတယ်။စစ်ကောင်စီကတော့ လေကြောင်းကနေ နေ့တိုင်း လာပစ်နေပါတယ်"ဟုယနေ့ နေ့လယ်တွင် ပြောသည်။
 
ရွှေပြည်အေးမြို့တွင် ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီလ ၃ရက်က တိုက်ပွဲ၌ စစ်ကောင်စီရဟတ်ယာဉ်တစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချတိုက်ခိုက်နိုင်ခဲ့သည်။

ကောလင်းမြို့နှင့် ခမ်းပတ်မြို့ကို နိုဝင်ဘာလဆန်းပိုင်းတွင်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ရာ ယခု ရွှေပြည်​အေးမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့ သုံး မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည်ဟု MOD ၏ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required