ဂျပန်နှင့် ဗီယက်နမ်အကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ

ဂျပန်နှင့် ဗီယက်နမ်အကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ
Photo:VIETNAM NEWS AGENCY

အာရှ-ပစိဖိတ်ဒေသ၌ တရုတ်၏ စစ်မက်ရေးရာအရ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းကြောင်း တိုးမြှင့်ပြသနေမှုနှင့် ရင်ဆိုင်ရစဉ် နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် ဗီယက်နမ်သမ္မတ ဗိုဗန်သောင်တို့အကြား နိုဝင်ဘာ ၂၇ ရက်က သဘောတူခဲ့ကြသည်။

၎င်းတို့၏ မိတ်ဆွေဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ရှေ့လထဲတွင် ဂျပန်က အိမ်ရှင်အဖြစ် ကမကထပြုကျင်းပမည့် အာဆီယံခေါင်းဆောင်များ ပါဝင်သော အထူးအစည်းအဝေးတရပ် အောင်မြင်ရေးအတွက် ပြင်ဆင်မှုများ ဆက်လုပ်သွားမည်ဟုလည်း တိုကျိုရှိ ဝန်ကြီးချုပ်ရုံး၌ ဆွေးနွေးစဉ် ကီရှီဒါနှင့် သောင်တို့က အတည်ပြုခဲ့ကြသည်။

ထို့ပြင် စီးပွားရေးနှင့် ယဉ်ကျေးမှု ဖလှယ်မှုများ အပါအဝင် ကိစ္စရပ်အမျိုးမျိုးတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် နှစ်နိုင်ငံခေါင်းဆောင်များ ထပ်လောင်း အတည်ပြုခဲ့ကြသည်။ ယခုနှစ်သည် ဂျပန်-ဗီယက်နမ် သံတမန်ဆက်ဆံရေး ထူထောင်မှု၏ နှစ် ၅၀ ပြည့်မြောက်သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။

ဂျပန်သည် ဒေသ၌ တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှုကို တန်ပြန်ရန် ကြိုးပမ်းရင်း တချိန်တည်းမှာပင် ဗီယက်နမ်နှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများကဲ့သို့ “ကမ္ဘာ့တောင်ခြမ်း” ဟု ခေါ်သည့် ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စ နိုင်ငံများနှင့် ဆက်ဆံရေးကို အားကောင်းစေခြင်းအားဖြင့် အာရှ၌ စီးပွားရေးဖွံ့ဖြိုးမှုကို အသုံးချရန် ကြိုးပမ်းလျက် ရှိသည်။

အခြားသော အာဆီယံအဖွဲ့ဝင်တချိုနှင့်အတူ ဗီယက်နမ်သည် မဟာဗျူဟာအရ အရေးပါသည့် တောင်တရုတ်ပင်လယ်၌ ပေကျင်းနှင့်အကြား တခုနှင့်တခု ထပ်နေသည့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အပြိုင်အဆိုင် အငြင်းပွားမှုများ ရှိနေသည်။ ကမ္ဘာ့အသွားအလာ အများဆုံး ရေလမ်းကြောင်းတချို့ ရှိရာ ဒေသတွင်းရှိ အရေးပါသည့် နယ်မြေအစိတ်အပိုင်းကြီးတခုကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောဆိုထားသည်။

အလားတူပင် ဂျပန်သည် ၎င်းတို့ ထိန်းချုပ်ပြီး တရုတ်က ပိုင်ဆိုင်ကြောင်း အရေးဆိုထားသည့် ဆန်ကာကူကျွန်းများနှင့်ပတ်သက်ပြီး တရုတ်နှင့် သဘောကွဲလွဲမှုများ ရှိနေသည်။ တရုတ်သည် ၎င်းတို့အခေါ် သရောက်ယွီ ဆိုသည့် လူသူမနေသော ကျွန်းများဝန်းကျင်ရှိ ဂျပန်ရေပိုင်နက်ထဲ မကြာခဏဆိုသလို ဝင်ရောက်မှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly