တန့်ဆည်မြို့ပေါ် စစ်ကောင်စီအဓိကစခန်းကို သိမ်းယူ၊ မြို့အားထိန်းထားနိုင်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ပြော

By ရွှေနွယ်(မဇ္ဈိမ)
29 November 2023
တန့်ဆည်မြို့ပေါ် စစ်ကောင်စီအဓိကစခန်းကို သိမ်းယူ၊ မြို့အားထိန်းထားနိုင်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ပြော

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့မှ စစ်ကောင်စီအဓိက စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အားထိန်းချုပ်ထားနိုင်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

တန့်ဆည်မြို့ပေါ်မှ  စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများအထိုင်ချထားသည့်  တန့်ဆည်ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက်တွင် သိမ်းပိုက်နိုင်ခြင်းဟု သိရသည်။

" သူတို့(စစ်ကောင်စီ) အခြေစိုက်စခန်းတွေကို သိမ်းလိုက်ပါပြီ။ ရဲစခန်း၊ ထွေအုပ်တွေကို သိမ်းလိုက်ပါပြီ။  ၉၀ ရာခိုင်နှုန်း သိမ်းနိုင်ပါပြီ" ဟုတန့်ဆည်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ယနေ့ နံနက် ၁၁နာရီခန့်တွင် ပြောသည်။

လက်ရှိတွင် အဆိုပါ စခန်းမှ ထွက်ပြေးသွားကြသော စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များကို မြို့အတွင်းလိုက်လံရှာဖွေဖမ်းဆီးနေဆဲဖြစ်ကြောင်း သိရသည်။

"အခုက သူတို့နေစရာမကျန်အောင် အကုန်လုံးလှည့်ပတ်လိုက်ရှာနေတာ မြို့ထဲမှာ။ ကန့်ဘလူဘက်ကနေ ဟောက်ဝစ်ဇာတွေနဲ့လှမ်းလှမ်းထုပေးနေတယ်။ ဒီမနက်လေကြောင်းနှစ်ကြိမ်လာသွားတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေအတိအကျကိုပြော၍ မရသေးကြောင်း ၎င်းကဆိုသည်။ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင် တန့်ဆည်မြို့မှ စစ်ကောင်စီစခန်းများ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရကြောင်း ရေးသားဖော်ပြနေကြသည်။

တန့်ဆည်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ကပင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘောလုံးကွင်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ရှင်းလင်းခဲ့ပြီး တပ်ပြန်ဆုတ်ခဲ့သည်။ အဓိကစခန်းဖြစ်သည့် ရဲစခန်းကို ယနေ့ တိုက်ခိုက် သိမ်းယူခြင်းဖြစ်သည်။

တန့်ဆည်မြို့သိမ်းတိုက်ပွဲကို အမှတ်(၁) စစ်ဒေသ ၊ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ခဲ့ပြီး  ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံအများအပြားသည်  ယခင်ကပင်စစ်ရှောင်နေကြသည်ဟု သိရသည်။တန့်ဆည်မြို့နယ်သည် ရွှေဘိုခရိုင်အတွင်းတည်ရှိပြီး ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှမြို့တို့နှင့်နယ်နိမိတ်ချင်းထိစပ်‌နေသည်။ လက်ရှိတွင် ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင်လည်း စစ်ရေးအခြေအနေသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly