လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဖြစ်လာနိုင်၊ မိုးကြီးမည့်သတိပေးချက် ဆက်ရှိနေ

By ရောင်နီ(မဇ္စျိမ)
29 November 2023
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဖြစ်လာနိုင်၊ မိုးကြီးမည့်သတိပေးချက် ဆက်ရှိနေ
ပုံအညွှန်း - အောက်တိုဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံမှု ဖြစ်ပွါးခဲ့သည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ရက်)

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့်လေဖိအားနည်းရပ်ဝန်းသည် ပိုအားကောင်းလာပြီး နို၀င်ဘာလ ၃၀ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးဇလဌာနက ယနေ့  သတင်းထုတ်ပြန်သည်။

လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် မလက္ကာရေလက်ကြားတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 ယနေ့နိုဝင်ဘာလ ၂၉ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ အဆိုပါလေဖိအားနည်းရပ်ဝန်းသည်  အားကောင်းလာပြီး နို၀င်ဘာလ ၃၀ ရက်နေ့တွင် မုန်တိုင်းငယ်၊  ဒီဇင်ဘာလ ၂ ရက်နေ့တွင်  ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု  မိုးဇလက ခန့်မှန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကလည်း အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်  ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းနိုင်ကြောင်း နို၀င်ဘာလ ၂၇ ရက်နေ့တွင် ကြိုတင်သတင်းထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်မသက်ရောက်နိုင်သော်လည်း   ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင်  ဒီဇင်ဘာလ ၃ ရက်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM က  ကြိုတင်သတိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly