ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်

By မဇ္ဈိမ
11 November 2023
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်
Photo- CJ

နို၀င်ဘာ ၁၀ ရက် ညနေမှစတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်နေ‌ကြောင်း ရန်ကုန်မြို့ခံအချို့က ‌ပြောသည်။

"အခုက ဆီထည့်ဖို့ကို ဘယ်ဆိုင်ရောင်းလဲဆိုတာ လိုက်ရှာ‌နေ ရတယ်။ ဆိုင်တော်တော်များများ ရောင်းဖို့မရှိလို့ လက်ခါပြတာ အများကြီးပဲ" ဟု ‌ရန်ကုန်မြို့ခံ မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ‌ပြောသည်။

စက်သုံးဆီဆိုင်များတွင် စက်သုံးဆီအမျိုးအစားလေးမျိုးကို ရောင်း ချနေပြီး ရောင်းစရာမရှိသည့် ဆီမှာ ဓာတ်ဆီဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ‌ပြောသည်။

" ကုန်တာက ၉၂ အမျိုးအစားက ဆိုင်တော်တော်များများမှာ မရတော့ဘူး။ တချို့ဆိုင်က ၉၅ ရတယ်။ ဒီဇယ်ကတော့ ရောင်းကြ တာတွေ့တယ်။ ပြတ်တာ ဓာတ်ဆီပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ‌ပြောသည်။

နို၀င်ဘာ ၁၀ ရက် ညနေပိုင်းကစတင်ပြီး ဆီဆိုင်အချို့မှာ ရောင်းချရန် ဓာတ်ဆီမရှိသဖြင့် ဒီဇယ်ကိုသာ ရောင်းချနေရ‌ကြောင်း၊  နို၀င်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဆိုင်အချို့မှာ ဓာတ်ဆီ ပြန်လည် ရောင်းချနိုင်သည်ကို တွေ့ရ‌ကြောင်း ရန်ကုန်မြို့ခံ မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ‌ပြောသည်။

" မနက်ပိုင်းမှာ တော်တော်များများ မရောင်းနိုင်သေးဘူး။ နေ့လည် လောက်မှာတော့ Denko လိုဆိုင်မျိုးတွေက ပြန်ရောင်းပေး တယ်။ တချို့ဆိုင်တွေက လက်ကာပြနေတုန်းပဲ" ဟု ရန်ကုန်မြို့ခံ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ‌ပြောသည်။

ဆိုင်အများစု မရောင်းနိုင်သဖြင့် ရောင်းသည့်ဆိုင်တွင် ကားများတန်းစီ၀ယ်ယူနေရသည်ဟု ရန်ကုန်မြို့ခံအချို့က ‌ပြောသည်။

စက်သုံးဆီဈေးနှုန်းများမှာ နို၀င်ဘာ ၁၁ ရက်တွင် ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၁၅ ကျပ်ဖြစ်‌ကြောင်း စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly