ရန်ကုန်တွင် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”ခေါင်းစဥ်ဖြင့်  စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် 

By ရောင်နီ (မဇ္စျိမ)
18 August 2023
ရန်ကုန်တွင် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”ခေါင်းစဥ်ဖြင့်  စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် 

စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို တော်လှန်လူငယ်များက  ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ကြသည်။ 

ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် Mayangone Democratic Front (MDF) နှင့် Kyimyindaing Networks (KMD18) တို့မှ တော်လှန်လူငယ်များ ပူးပေါင်းပြီး “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" စာတန်းပါ ဘန်နာများကိုချိတ်ဆွဲကာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

“ တော်လှန်ရေးတွင် အစားထိုး မရနိုင်သည့် အသက်ကို အရင်းတည်ကာ ပါဝင်တိုက်ပွဲဝင်နေကြသူ PDF, EROs စစ်သည်တော် သူရဲကောင်းပေါင်း များစွာ ရှိနေပြီး ပြည်သူများအနေဖြင့်  လက်နက်ကိုင်တိုက်ပွဲမ၀င်နိုင်သည့်တိုင် အကြမ်းဖက်စစ်တပ်ထံ တိုက်ပွဲ၀င်ရဲဘော်များကို ပစ်ခတ်မည့်  လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိကြရန် လိုကြောင်း”  တော်လှန်လူငယ်များက ပြောသည်။ 

ယင်းအပြင် အကြမ်းဖက်စစ်တပ်၏ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားဖြင့် ဖြတ်တောက်ရိုက်ချိုးပစ်မယ့် “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ” စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင် ဆင်နွှဲကြဖို့ အချိန်ရောက်လာပြီ ဟုလည်း ဆိုသည်။ 

ထို့ကြောင့် အကြမ်းဖက်စစ်တပ်ပိုင်သည့်  စီးပွားရေးလုပ်ငန်းများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပြီး ဖက်ဆစ်တပ်၏ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြရန်လည်း တော်လှန်လူငယ်များက ပြည်သူလူထုကို တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required