ရန်ကုန်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ ၆ ခု  ၃ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
30 August 2023
ရန်ကုန်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ ၆ ခု  ၃ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခံရ
ပုံစာ - ရန်ကုန်ရှိ စစ်ကောင်စီတပ်သားများနှင့် ပတ်သက်ဆက်နွယ်သည့်နေရာများ တိုက်ခိုက်ခံရပုံ(ပုံဟောင်း)

ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံနေရာများကို ဩဂုတ်လ ၂၇ ရက်မှစတင်ကာ ၂၉ ရက်နေ့အထိ သုံးရက်ဆက် ညပိုင်းများတွင်  စုစုပေါင်းနေရာ ခြောက်ခုကို ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ထားကြောင်း မြို့ပြပြောက်ကျားအဖွဲ့ထံမှတဆင့် သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာနှင့် မဟာမိတ်အဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

"တိုက်ခိုက်မှုလုပ်ဆောင်တာကတော့ ရန်ကုန်ဟာ ဘယ်တော့မှ မငြိမ်သက်ဘူး၊ စကစ ရဲ့ ထိန်းချုပ်မှု မအောင်မြင်ဘူးဆိုတာ ပြသတဲ့အနေနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင် အထူးကူညီနေတဲ့ ရဲစခန်းများနဲ့ အုပ်ချုပ်ရေးမှူးရုံးများကို ပစ်မှတ်ထားတိုက်ခိုက်တာပါ။" ဟု ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာမှ တာဝန်ခံ မူလန်က မဇ္ဈိမ ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုများအား မြို့ပြပြောက်ကျား(UG) များအတွက် ကမ်ပိန်းတခုဖြစ်သော To the Unsung Heros ရန်ပုံငွေရှာဖွေပွဲအား ဂုဏ်ပြုသောအားဖြင့် အညတရခြေသံ အမည်ဖြင့် မစ်ရှင်များဖော်ဆောင်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းများကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၊ တပ်လော်ဘီများမှ သတင်းမှားဖြန့်ဝေနေကြောင်းကိုလည်း တွေ့ရသည်။

"အထိအခိုက်ကတော့ ထုံးစံအတိုင်း သူတို့အတွင်းစည်းထဲမှာပဲထားတဲ့အတွက် မသိရဘူး၊ သူတို့ရဲ့ တယ်လီဂရမ်ချန်နယ် တွေကနေပြီး အသံဗုံးပါလို့ လိမ်နေတာကြည့်ရင် ထိခိုက်မှုရှိတာ သိသာပါတယ်။ ထုံးစံအတိုင်း လိမ်ရင် မှန်နေလို့ပဲပေါ့။" ဟု ပြောရေးဆိုခွင့်ရှိသူ မူလန်က ထပ်မံပြောဆိုသည်။

တိုက်ခိုက်မှုတွင် ဩဂုတ်လ ၂၇ ရက် ၊ ည ၇ နာရီ ၉ မိနစ်က မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲအား KMD18 Hunter Unit မှ တိုက်ခိုက်ခဲ့၍  ဩဂုတ်လ ၂၈ ရက် ၊ ည ၉ နာရီ ၁၄ မိနစ်တွင် မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ည ၉ နာရီ ၁၉ မိနစ်တွင် ရွှေပေါက္ကံရဲစခန်းအား Guardians UG အဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက် ၊ ည ၈ နာရီ ၅၆ မိနစ်တွင် တောင်ဥက္ကလာပရဲစခန်းနှင့် ည ၈ နာရီ ၅၇ မိနစ်တွင် ရန်ကင်းရဲစခန်းတို့အား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာမှ လည်းကောင်း ၊ ည ၈ နာရီ ၅၀ မိနစ်တွင် အရှေ့ဒဂုံမြို့နယ်ရဲစခန်းအား KMD18 Crow Squad မှလည်းကောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required