ရန်ကုန်မြို့အတွင်း ကလေးသူငယ်များနှင့်သက်ကြီးတောင်းရမ်းသူ ဦးရေတိုးလာ

By အယ်ဒီတာထံပေးစာ(မဇ္ဈိမ)
28 September 2023
ရန်ကုန်မြို့အတွင်း ကလေးသူငယ်များနှင့်သက်ကြီးတောင်းရမ်းသူ ဦးရေတိုးလာ
ပုံအညွှန်း- မြေနီကုန်း၊ဒဂုံစင်တာဝန်းကျင်တွင်တောင်းရမ်းစားသောက်နေသူများ (ဓာတ်ပုံ-CJ)

အခုနောက်ပိုင်း ရန်ကုန်မြို့တွင်းက နေရာအနှံ့မှာ တောင်းရမ်းနေတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို မြင်တွေ့လာရပါတယ်။  ကားမှတ်တိုင်တွေ၊ မီးပွိုင့်တွေနဲ့ ခုံးကျော်တံတားအောက်တွေမှာ တောင်းရမ်းနေတဲ့ ကလေးငယ်တွေ၊ ရင်ခွင်ပိုက်ကလေးတွေကို ချီပိုးထားတဲ့သူတွေနဲ့ သက်ကြီးပိုင်းတွေက ပိုပြီးများလာပါတယ်။  သူတို့တွေက စည်ပင်ရဲတွေကိုတောင် လိုင်းကြေးပေးရတယ်လို့ သိရပါတယ်။

ဘယ်လိုသိတာလဲဆိုရင် စည်ပင်ကို လိုင်းကြေးမပေးလို့ ဖမ်းခံလိုက်ရတဲ့   ကလေး မိဘတွေနဲ့  လိုင်းကြေးပေးထားလို့ အဖမ်းမခံရဘဲ လွတ်သွားတဲ့ ကလေးရဲ့ မိဘတွေ ရန်ဖြစ်စကားများတာကို မြင်တွေ့လိုက်ရတဲ့ စျေးသည်တွေထံက တဆင့် ပြန်သိလိုက်ရလို့ပါပဲ။

အဆိုးဆုံးကတော့ မြေနီကုန်းတံတားအောက်ပါ။ အဲ့တံတားအောက်မှာ လူကြီးတွေက အိပ်တယ်၊ စားတယ်၊ စတည်းချတယ်။ ကလေးတွကတော့ အဲ့ဒီပတ်ချာလည် ဒဂုံစင်တာ၊ မြေနီကုန်းဝန်းကျင်၊ မီးပွိုင့်တွေမှာ တောင်းရမ်းနေပါတယ်။ ပိုက်ဆံများလာရင် အရွယ်နည်းနည်းရောက်နေတဲ့ ကလေးတွက လာသိမ်းပြီး တံတားအောက်က လူကြီးတွေကို ပေးပါတယ်။

တောင်းရမ်းတာမှာလည်း သာမန် တောင်းရမ်းမှုမျိုးတောင်မဟုတ်တော့ပါဘူး။ ငွေမပေးရင် ကားဘော်ဒီကို ဆူးချွန်နဲ့ ခြစ်တာ၊ ဆဲရေးတိုင်းတွာတာနဲ့ လမ်းသွားလမ်းလာတွေထံက မုန့်တောင်းလို့ မပေးရင် လုယူတာအထိ ရှိလာပါတယ်။

သူတို့တွေကို စည်ပင်သာယာရေးကော်မတီက ခေါ်ယူထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့လည်း ရဲဝန်ထမ်းဟောင်း တဦးထံက သိမှတ်လေ့လာရဖူးပါတယ်။  သူတို့တွေကို ခေါ်ပြီး အသက်အရွယ်အလိုက် သန်လျင်လူငယ်သင်တန်းကျောင်း၊ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ ဌက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ဝါးနက်ချောင်းလူမှုစောင့်ရှောက်ရေးနဲ့ အမျိုးသမီးတွေဆိုရင် ထောက်ကြန့်အမျိုးသမီး သင်တန်းကျောင်းကို ပို့ရတယ်လို့ သိရပါတယ်။ အခုတော့ စည်ပင်ကလူတွေ အလုပ်မလုပ်ကြတော့ဘူးထင်ပါတယ်။  လာဖမ်းရင်လည်း အနည်းဆုံး ကျပ်ငွေ ၁၀,၀၀၀ လောက်ပေးလိုက်ရင် အဆင်ပြေသွားတာ မြင်တွေ့ရပါတယ်။

 အရင် ဒီမိုကရေစီခေတ် NLD  အစိုးရလက်ထက်ကတော့ မြို့တော်ဝန် မောင်မောင်စိုးက တောင်းရမ်းသူတွေ တွေ့ရင် စည်ပင်ကို အကြောင်းကြားပါလို့ ဖြေတာ သိမှတ်လိုက်ရပါသေးတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး  ‘’ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများ’’ကို မြို့နယ်/ခရိုင်/တိုင်း အဆင့်ဆင့်ဖွဲ့စည်းထားတာကိုလည်း သိရပါတယ်။

ဒါပေမဲ့လည်း တောင်းရမ်းသူတွေကို နေရာအနှံ့ ပိုပိုပြီး မြင်တွေ့လာရတာကတော့  တာဝန်ရှိသူတွေ တာဝန်ပေါ့လျော့လို့ပါ။ အစစအရာရာ ခက်ခဲ ကြပ်တည်းနေတဲ့ ဒီလိုကာလမှာ တောင်းရမ်းသူတွေကြောင့်လည်း ပိုမိုစိတ်ရှုပ်နေရတာကို မဇ္ဈိမ အယ်ဒီတာထံ ပေးစာ ကနေ သိထိုက်၊ သိသင့်သူတွေ သိရှိဖို့ မျှော်လင့်ပါတယ်ခင်ဗျား။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required