ရန်ကုန်- မော်လမြိုင်လမ်းမကြီးပေါ်တွင်ရေပြန်ကျ၍ ကား၊ ဆိုင်ကယ်များ ပြန်လည်ဖြတ်သန်း

By YT (မဇ္ဈိမ)
10 August 2023
ရန်ကုန်- မော်လမြိုင်လမ်းမကြီးပေါ်တွင်ရေပြန်ကျ၍ ကား၊ ဆိုင်ကယ်များ ပြန်လည်ဖြတ်သန်း
ဓါတ်ပုံ- ဘိုဘိုဝင်း ပုံအညွှန်း- ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်း ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမအခြေအနေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းနှင့် ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်တွင် ရေအနည်းငယ်ပြန်ကျနေပြီဖြစ်၍ ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဟု ဒေသတွင်း သတင်းရင်းမြစ်များနှင့် လူမှုကူညီရေးအသင်းတာဝန်ရှိသူအချို့ထံက သိရသည်။ 

ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့က မိုးရွာ၍ တောင်ကျရေစီးခြင်းနှင့် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ရေလျှံခဲ့သောကြောင့် ဘီးလင်းမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် မည်သည့်ကားမှဖြတ်သန်း၍မရဘဲ လှေဖြင့်ကူးရသည့်အထိ ဖြစ်ပေါ်ခဲ့သည်။ 

ယနေ့ ဩဂုတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီမေးမြန်းချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ပြန်လည်လျော့ကျလာခဲ့ပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ရေမရှိသလောက် နည်းပါးသွားပြီဟု ဒေသတွင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုသည်။ 

" ရေလျော့သွားပါပြီ၊ ရေလုံးဝမရှိတော့ပါဘူး။ ကားအကြီးရော ကားအသေးရော အကုန်ဖြတ်လို့ရပါပြီ။ ကားလမ်းမပေါ် ရေလျှံတဲ့နေရာလေးခုမှာ သုံးခုက လုံးဝ ရေမရှိတော့ဘူး။ ကျန်တဲ့နေရာတစ်ခုက ဘီးလင်းမြို့နယ် တောင်ကလေးမှာပါ။ ရေရှိသေးတယ်ဆိုပေမယ့် အဲ့ဒီမှာလည်း ဆိုင်ကယ်ပါဖြတ်လို့ရနေပါပြီ " ဟု ဘီးလင်းမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

လက်ရှိတွင် ဘီးလင်းမြို့နယ်၌ မိုးရွာသွန်းခြင်းမရှိတော့ကြောင်းနှင့် ရေကြီးရေလျှံမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ရေဘေးသင့်ဒေသခံအချို့သည်လည်း ၎င်းတို့၏နေရပ်များသို့ ပြန်နေကြပြီဖြစ်ကြောင်း သိရသည်။ 

ဇူလိုင်လနောက်ဆုံးအပတ်မှစတင်ကာ မိုးရွာသွန်းခြင်း၊ တောင်ကျရေစီးဆင်းခြင်းတို့ကြောင့် ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်လာကာ မြို့အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များ၊ မြစ်ကမ်းနားရှိကျေးရွာများသာမက ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်မှုကြောင့် မြစ်ကမ်းနားဘေးရှိ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားသည်မှာ ၁၀ ရက်ကျော်လာပြီ ဟုဆိုသည်။ 

" သထုံမှာတော့ ဘီးလင်းမြစ်ရေလျှံလို့ အဓိကရေကြီးရတာတော့ ဒုံဝန်းကျေးရွာပေါ့။ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေဝင်ရောက်တယ်။ ဇူလိုင်လ လကုန်ပိုင်းကတည်းကပေါ့။ အခုထိလည်း ဝင်ရောက်ဆဲပဲ။ ဒီဘက်မှာတော့ ကယ်ဆယ်ရေးစခန်းဖွင့်တာ မရှိဘူး။ နေလို့မရတဲ့သူတွေက အမြင့်ပိုင်းတွေ ပြောင်းနေကြတာရှိပါတယ်။ မနေ့က ရေအမှတ်ထက်တော့ ဒီမနက်က တစ်ပေလောက် ပြန်ကျသွားပါပြီ" ဟု သထုံမြို့နယ် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

မွန်ပြည်နယ်တွင် ဘီးလင်းမြစ်အပြင် မိုးရွာသွန်း၍တောင်ကျရေစီးဆင်းမှုကြောင့် အတ္ထရံမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တိုးလာပြီး ကျိုက်မရောမြို့နယ်၊ မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းကျေးရွာများတွင် ရေကြီးရေလျှံကာ နေအိမ်အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required