ဘုတလင် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၁၂၀ မမ ဖြင့် တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
05 October 2023
ဘုတလင် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၁၂၀ မမ ဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အထွေတွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်းမှ သိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးကျည် ခြောက်လုံးသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ထွေအုပ်ရုံး ဝန်းအတွင်းကို ကျရောက်ပေါက်ကွဲပြီး ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့တယ်။ လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေအနီးမှ ကျရောက်ပေါက်ကွဲတာဖြစ်လို့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် ယင်းမာပင်ခရိုင် အမှတ်(၉) တပ် ရင်းမှ ဘသူကြွယ်စစ်ကြောင်းက ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပတ်ခန့် အချိန်ယူပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဘုတလင်ထွေအုပ်ရုံးကိုတိုက်ခိုက်မှုမှာ  ယခုတိုက်ခိုက်မှုသည် နှစ်ကြိမ်မြောက်ဖြစ်ပြီး စစ်ကောင်စီအနေ ဖြင့် သန်းခေါင်စာရင်းကောက်ရန်ကြိုးစားနေသည့်အတွက် သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required