မုံရွာမြို့ပေါ် ၂ရက်ဆက်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးဟုဆို

By ပါခွီး(မဇ္စျိမ)
05 October 2023
မုံရွာမြို့ပေါ် ၂ရက်ဆက်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှ စစ်ကောင်စီဂိတ်အပါဝင် နှစ်နေရာကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက နှစ်ရက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား‌ လေးဦး၊အုပ်ချုပ်ရေးမှူးတဦးနှင့် ရဲတဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ပထမပစ်ခတ်မှုမှာ မုံရွာစီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းတွင် တပ်စွဲထားသည့် စစ်‌ကောင်စီစစ်ဆေး ရေးဂိတ် ကို အောက်တိုဘာလ ၃ရက်ညနေ ၆နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု  မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း (၄)က အောက်တိုဘာလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ကျော်ရှိသော အဆိုပါဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားသည် ဟု ဆိုသည်။

“လေးယောက်သေတာ မျက်မြင်တွေ့ခဲ့ရတာပါ။ နှစ်ယောက်ဒဏ်ရာရသွားတယ်ဆို တာလည်း အတည် ပြုလို့ရပါတယ်။  စစ်ကောင်စီတပ်ကပြန်ပစ်လို့ ကျနော် တို့ရဲဘော်နှစ်ဦး အသေးစားဒဏ်ရာရခဲ့ပါတယ်” ဟု Chindwin Attcak Force တပ်ရင်း (၄) ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၄) တပ်ခွဲ (၁) Spring Dove ၊ မုံရွာခရိုင် တပ်ရင်း(၂) တပ်ခွဲ(၃) NPRF ၊ မုံရွာခရိုင်တပ်ရင်း(၂၇) တပ်ခွဲ(၁) ၊ မုံရွာခရိုင်တပ်ရင်း (၂၇) တပ်ခွဲ(၂) Than lar Wait Defence Force နှင့် Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒုတိယပစ်ခတ်မှုမှာ မုံရွာမြို့၊နတ်လူ့ထိပ္ပန်ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအေးမြတ်နှင့်ရဲတဦးသည်  အောက်တိုဘာလ ၄ရက် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် အိမ်စီးကားဖြင့် ထွက်လာစဥ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်ခြင်းဟု Golden Eagle Force – Monywa ခေါင်းဆောင် ဗိုလ်လင်းယုန် က မဇ္စျိမ ကိုပြောသည်။

“သတင်းအရ စောင့်ကြိုပြီး ပစ်ခဲ့တာပါ။နှစ်ယောက်စလုံး ဆေးရုံရောက်ပြီးမှ သေသွားကြတာ” ဟုဗိုလ်လင်းယုန်က ပြောသည်။

ဦးအေးမြတ်သည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသူဖြစ်ပြီး ၎င်း၏သတင်းပေးမှု ကြောင့် အဖမ်းခံရသည့်ပြည်သူများရှိသည်ဟု  ဗိုလ်လင်းယုန်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force – Monywa နှင့်အတူ Ka Naung Min Tar Gyi (Monywa)နှင့် ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း‌ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မြို့ပေါ်ရှိ စစ်ကောင်စီပစ်မှတ်နေရာများကိုတိုက်ခိုက်နိုင်မှုသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မြို့ပေါ်အထိ နယ်မြေစိုးမိုးမှု ရလာသည့် အခြေအနေဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်ကပြောသည်။ ထို့အပြင် စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲတွင်လူထုဘက်မှအနိုင်ရမည့် တော်လှန်ရေးအရွေ့ကို ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly