ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

By ပါခွီး(မဇ္စျိမ)
01 October 2023
ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
ပုံအညွှန်း - မိုင်းဆွဲအပြီး နယ်မြေရှင်းလင်းစဥ်တွေ့ရှိရသည့် စစ်ကောင်စီတပ်သား များ၏ ပစ္စည်းများ ဓါတ်ပုံ - မုံရွာခရိုင်အမှတ်(၁၂) တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ 9m

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲက စက်တင်ဘာလ ၂၈ ရက်နေ့က ထုတ် ပြန်ထားသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ချောင်းဦးမြို့နယ် မကျီးခွကျေးရွာမှထွက်ခွာ လာသော အင်အား ၇၀ ကျော်ရှိ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်ကို ပေါက်အင်းအနီးတွင် နံနက် ၁၀ နာရီ ၃၀ မိနစ် နှင့် ၁၀ နာရီ ၄၅ မိနစ်တို့တွင် လေးလုံးတွဲမိုင်းများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ရန်သူတွေ သေဆုံးဒဏ်ရာရတာ ရှိပါတယ်။ အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ ထိခိုက် သေဆုံးသူတွေကို ဖောကားတစီးနဲ့သယ်သွားတယ်လို့ သိရပါတယ်” ဟု လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုးက မဇ္စျိမကို ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများကို စစ်ကောင်စီတပ်က ဖောကားတစ်စီးဖြင့် ဆင်ဖြူရှင် တံတားဘက်သို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲနှင့် ရန်ရှင်းဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ဘက်မှ အထိအခိုက်မရှိကြောင်းသိရသည်။

ယခုတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၆ ရက်နေ့က ချောင်းဦးမြို့နယ်အတွင်းသို့ လေ ကြောင်းမှ MI17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်ဖြင့် ပို့ဆောင်ထားသူများဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ယင်းနေ့က ချောင်းဦးမြို့နယ် မကျီးခွကျေးရွာအနီးသို့ စစ်ကောင်စီတပ်သားများ ဆင်းသက်ခဲ့ပြီး ဒေသခံ များနှင့် ကာကွယ်ရေးတပ်ဖွဲ့များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မကျီးခွရွာအနီး နယ်မြေရှင်းလင်းရာတွင် ထိတွေ့မှုဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ သတင်းထုတ်ပြန်ခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း ချောင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များလှုပ်ရှားနေသဖြင့် မိဘပြည်သူများ အရေး ပေါ်အခြေနေနှင့်ကြုံလာပါက အချိန်မှီရှောင်တိမ်းနိုင်ရန် လိုအပ်သည့်ပစ္စည်းများ အဆင်သင်ပြုလုပ်ထား ကြပါရန် ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly