ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းနေရာ ၃ ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်

By YT  ( မဇ္ဈိမ)
21 September 2023
ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းနေရာ ၃ ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်
ပုံအညွှန်း- တော်လှန်ရေးအင်အားစုများ​၏ ဒရုန်းတစ်စင်း (ဓါတ်ပုံ- PPDF- KD)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအတွင်း နေရာသုံးခုခွဲ၍ ကင်းပုန်းယူနေသည့် စစ်ကောင်စီတပ်သားများအား တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီကျော်မှ  နေ့လယ် ၁၁ နာရီ ၂၄ မိနစ်အတွင်း  အလူးလေးကျေးရွာအတွင်းရှိ တာယာဆိုင်အနောက်၊ ခြင်္သေ့နှစ်ကောင်လမ်းဆုံနှင့် MK ဆီဆိုင်ရှေ့တို့တွင် အင်အား ၁၅ ဦးဝန်းကျင်စီဖြင့် ကင်းပုန်းယူနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးစီ ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်။

" ကင်းပုန်းနေရာ သုံးနေရာပါ။ မနက်က စကစ ယာဥ်တန်းလမ်းကြောင်းရှိလို့ ကာကင်းအနေနဲ့ ကင်းပုန်းဝပ်တဲ့သုံးနေရာကို တိုက်ခိုက်ခဲ့တာပါ။ကင်းပုန်းတဖွဲ့မှာ ၁၅ဦးစီလောက်ရှိပါတယ်။ ထိခိုက်သေဆုံးမှုတော့ အတည်ပြုလို့ မရနိုင်သေးပါဘူးခင်ဗျာ။ အရပ်ပြောစကား သုံးနေရာပေါင်း ရှစ်ဦးခန့်တော့ ထိခိုက်ဒါဏ်ရာရတယ်လို့ အတည်ပြုလို့မရနိုင်ဘဲ သိရှိရပါတယ်" ဟု KRF ဒု- တာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့​၏ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီဘက်က ပတ်ဝန်းကျင်သို့ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်မှုရှိပြီး ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အသေးစိတ်အား အတည်ပြုနေဆဲဖြစ်ကြောင်း KRF နှင့် PPDF- KDထံက သိရသည်။ 

" ကျနော်တို့သွားရောက်ပစ်ခတ်စဥ်မှာတော့ လက်နက်ငယ်တွေနဲ့ပဲ ပြန်လည်ရမ်းသန်းပစ်ခတ်တာပါ။ လက်နက်ကြီးမပစ်ပါဘူး။ ညကျရင်တော့ ပစ်မယ်လို့ ခန့်မှန်းရပါတယ်" ဟု KRF ဒု- တာဝန်ခံက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီကင်းပုန်းများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို တပ်မဟာ (၁) KNLA၊ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ သူရိယစစ်ကြောင်း၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး၊ သစ်ကွင်းလမ်းဆုံ တစ်ဝိုက်တွင် အင်အား ၁၀ ဦးကျော်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကိုလည်း တပ်မဟာ (၁) KNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် တောကျီးကန်းစစ်ကြောင်း တပ်ခွဲ (၂)က လက်နက်ကြီး၊ သေနတ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း၌လည်း စစ်ကောင်စီကင်းပုန်းဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ တနာရီနီးပါး ဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီကင်းပုန်းဘက်တွင် ငါးဦးသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြကြောင်း တောကျီးကန်းစစ်ကြောင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required