တပ်မဟာ(၅)ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုအား KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

By YT(မဇ္ဈိမ)
10 September 2023
တပ်မဟာ(၅)ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုအား KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
ပုံအညွှန်း- တိုက်ပွဲဝင် KNLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU (ပုံဟောင်း))

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီတပ် စခန်းငါးခုအား တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က စက်တင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

“လက်ရှိ တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုဟာ လေယာဥ်ပျံကလွဲပြီး မြေပြင် တပ်ချည်းပဲဆိုရင် လှုပ်ရှားမှုအနည်းအကျဥ်းလောက်ပဲ လုပ်လို့ရတယ်။ နယ်မြေစိုးမိုးမှုအပိုင်းမှာလည်း သူတို့စခန်းရှိတဲ့နေရာလောက်ပဲ စိုးမိုးလို့ရတော့တယ်”ဟု KNU တပ်မဟာ(၅)မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

အင်အား ၅၀ ကျော်ဖြင့်အထိုင်ချနေသည့် ခေးပူစစ်ကောင်စီစခန်းအား စက်တင်ဘာလ ၆ ရက်နေ့ နံနက် ပိုင်းတွင် တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ Special Force (အထူး တပ်ဖွဲ့)နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ခေးပူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး၊ တပ်မဟာ(၅) KNLA ပူး ပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ဒဏ်ရာရသူရှိကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက် ငယ်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင် ခေးပူကျေးရွာအုပ်စုအတွင်းရှိ တူဖိုးထာစခန်း၊ ဝါဘောထာစခန်း၊ ကွဲခူစခန်းနှင့် လယ်ထောစခန်း စသည့်စစ်ကောင်စီစခန်းလေးခုအား တပ်မဟာ(၅) KNLA ပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

စခန်းလေးခုအား ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ခေးပူစစ်ကောင်စီစခန်းအပါအဝင် စခန်းငါးခု တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက် နေ့အထိ သုံးရက်တိုင် စစ်ကောင်စီတပ်သည် ခေးပူကျေးရွာအုပ်စုအတွင်းသို့ ဗုံးသီးများ၊ စက်သေနတ် အကြီးစားများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

“စစ်ကောင်စီတပ်တွေရဲ့ အရပ်သားပစ်မှတ်အပေါ် တိုက်ခိုက်လာမှုဟာ တဖြည်းဖြည်း ပိုပိုပြီး ဆိုးဝါးလာ နေပါတယ်။ အရပ်သားပြည်သူလူထုနေထိုင်လို့မရအောင် တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာ ကျေးရွာတွေနဲ့ လုပ် ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေဆီ လက်နက်ကြီးနဲ့အမြဲပစ်တယ်။ တိုက်လေယာဥ်နဲ့လည်း တိုက်ပွဲ ဖြစ်တိုင်း လာရောက်ပစ်ခတ်ဗုံးကြဲတဲ့အပြင် တိုက်ပွဲမဖြစ်လည်းပဲ လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး လေယာဥ် နဲ့လာရောက်ပစ်ခတ်ဗုံးကြဲတယ်" ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ခေးပူကျေးရွာအုပ်စုအတွင်းနေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရကာ နေအိမ် ၁၁ လုံး၊ ဘာသာရေးအဆောက်အအုံတလုံး၊ စာသင်ကျောင်း တကျောင်းနှင့် ဆိတ်နှစ်ကောင် ဗုံးသီး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required