ဘုတလင်တွင် စစ်ကောင်စီတပ်စွဲထားသောရုံးများကို မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးသီးချတိုက်ခိုက်

By ပါခွီး(မဇ္စျိမ)
10 September 2023
ဘုတလင်တွင် စစ်ကောင်စီတပ်စွဲထားသောရုံးများကို မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် စစ်ကောင်စီတပ်စွဲထားသော ရုံးများကို မောင်းသူမဲ့လေယာဥ် ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Chindwin Brother (DGF) တပ်ခွဲထံမှ သိရသည်။

ကာကွယ်ရေးပူပေါင်းအဖွဲ့သည် ဘုတလင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးနှင့် မီးသတ်ရုံးများကို စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် Shar Htoo WAW နည်းပညာသုံး မောင်းသူမဲ့လေယာဥ် ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခ(စစ်ကောင်စီတပ်သား)တွေက လမ်းပေါ်မှာစစ်ဆေးရိုက်နှက် ငွေတောင်းတာတွေ လုပ်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုရှိတယ်လို့သိရတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ” ဟု Chindwin Brother တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးနှင့် မီးသတ်ရုံးများတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ သည် အများပြည်သူ သွားလာနေသောလမ်းကိုပိတ်ဆို့ပြီး မော်တော်ယာဥ်များကို ဖမ်းဆီးခြင်း၊ စစ်ဆေး ခြင်း၊ ငွေတာင်းခံခြင်းနှင့် ဆဲရေးတိုင်းထွာပြီး ရိုက်နှက်ခြင်းများ နေ့စဥ်ပြုလုပ်နေသောကြောင့် တိုက်ခိုက် ရခြင်းဖြစ်ကြောင်း ဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ထွေအုပ်ရုံး ၊ ၄ နာရီ ၄၂ မိနစ်တွင် မီးသတ်ရုံးတို့ကို ဗုံးချခဲ့ပြီး ၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မီးသတ်ရုံးကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရနိုင်သော်လည်း အသေးစိတ် အခြေအနေသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။

တိုက်ခိုက်မှုကို Chindwin Brother နှင့်အတူ B21 (ကနီ)၊ မုံရွာခရိုင်တပ်ရင်း (၁၆)၊ နင်ဂျာတပ်ဖွဲ့၊ ဗိုလ်ပွ ကြီး၊ ဗိုလ်နားထိုင်း၊ အုပ်ကြီးနှင့်အဖွဲ့၊ ကြေးမုံတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းခဲ့ပြီး ၎င်းတို့ဖက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

ပြည်သူကို အနှောက်အယှက်ပေးနေသည့် စစ်ကောင်စီတပ်များကို အဆုံးတိုင် ဆက်လက်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly