စစ်ယာဉ်တန်းနှင့် ကင်းပုန်းဝပ် စစ်ကြောင်းကို KNU တိုက်ခိုက်

By YT (မဇ္ဈိမ)
26 August 2023
စစ်ယာဉ်တန်းနှင့် ကင်းပုန်းဝပ် စစ်ကြောင်းကို KNU တိုက်ခိုက်
Photo- KNLA စစ်သားများကို တွေ့ရစဉ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျိုက်ထိုမြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ကင်းပုန်းဝပ်စစ်ကြောင်းတခုကို KNU ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားဘက်က မဇ္ဈိမကို အတည်ပြုသည်။

ဘီးလင်းမြို့နယ်မှ ကျိုက်ထိုမြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်ကားသုံးစီး၊ အင်အား ၃၀ ကျော်ပါ စစ်ယာဉ်တန်းကို ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား တနေရာတွင် ဩဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

"(စစ်ကောင်စီတပ်) ယာဉ်တန်း ရှေ့ပြေးစက်လတ် တင်လာတဲ့ ကားသေးလေးက ပြန်လည်ပစ်ခတ်တာ ရှိပါတယ်၊ ကင်းပုန်းယူထားတဲ့ အဖွဲ့ကလည်း ပစ်ပါတယ်" ဟု ဘီးလင်း ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းပါ ရှေ့ပြေးကားပေါ်မှ စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခြင်းနှင့် သံတံတားစစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။

KNU တပ်မဟာ (၁) လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖြစ်သော KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ဘီးလင်း ပကဖ (BPDF)၊ သထုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့က ၄၀ မမ၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်များကို စုံစမ်းနေဆဲဖြစ်ပြီး KNLA တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း ဆိုသည်။ 

ထို့အပြင် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအတွင်းရှိ ဒေါက်ရပ်တိုက်နယ် ဆေးရုံတွင် ကင်းပုန်းဝပ် အထိုင်ချထားသော စစ်ကောင်စီတပ်ကိုလည်း ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ထိုစစ်ကြောင်းသည် ယခုဆင်းလာသည့် စစ်ကားသုံးစီးပါ ယာဉ်တန်းကို ကင်းပုန်းဝပ် လုံခြုံရေးလာယူသည့် ယာဉ်တန်းဖြစ်သည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နောက် ဒေါက်ရပ်တိုက်နယ်ဆေးရုံတွင် ကင်းပုန်းဝပ်ထားခြင်း ဖြစ်သည်။

"၂၄ ရက်နေ့က ဒီဘက်ပူးပေါင်းအဖွဲ့တွေက စစ်ယာဉ်တန်း လာမယ်လို့ သတင်းရထားလို့ မိုင်းသွားစောင့်ဆွဲတာ၊ ဒါပေမယ့် ယာဉ်တန်းက ရောက်မလာဘဲ ဒေါက်ရပ်ရွာထဲကို ကင်းပုန်းလာချတာနဲ့ တိုးတော့ တိုက်ပွဲစဖြစ်တာပေါ့၊ အဲ့ဒီအချိန်ကနေစပြီး စစ်ကောင်စီက ပတ်ဝန်းကျင်ကို တနေကုန် လက်နက်ကြီး တောက်လျှောက်ပစ်တော့တာပဲ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။ 

ယင်းကင်းပုန်းဝပ် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

ထိုကင်းပုန်းစစ်ကြောင်းသည် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေါက်ရပ်တိုက်နယ် ဆေးရုံအတွင်း တပ်ရုတ်သိမ်းပြီး ပြန်လည်ထွက်ခွာသွားပြီဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းကလည်း ဘီးလင်းမြို့နယ်၊ ရွှေသံလွင် တိုးဂိတ်အဟောင်းတွင် အထိုင်ချ စစ်ဆေးရေး ပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့် ရဲများအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required