ပထဝီနိုင်ငံရေး ပြောင်းလဲနေချိန်တွင်  အိန္ဒိယသည် ကမ္ဘာ့တောင်ဘက်ခြမ်းကို ကိုယ်စားပြုပြောဆိုခွင့် ရလာနေကြောင်း ဝန်ကြီးချုပ် မိုဒီပြော

ပထဝီနိုင်ငံရေး ပြောင်းလဲနေချိန်တွင်  အိန္ဒိယသည် ကမ္ဘာ့တောင်ဘက်ခြမ်းကို ကိုယ်စားပြုပြောဆိုခွင့် ရလာနေကြောင်း ဝန်ကြီးချုပ် မိုဒီပြော

 ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ကမ္ဘာ့စည်းမျဉ်းနှင့် ပထဝီနိုင်ငံရေးမျှခြေ တို့အား အဓိပ္ပာယ်ဖွင့်ဆိုမှု ပြောင်းလဲလာပြီး အိန္ဒိယသည် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အသံဖြစ်လာကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက  ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် Red Fort တပ်နယ်မှ ပြည်သူများအား   ဩဂုတ်လ ၁၅ ရက်က ပြောကြားခဲ့သည်။ 

"ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့စည်းမျဉ်းသစ် ပုံပေါ်လာခဲ့ပေမဲ့ ကိုဗစ်ပြီးတဲ့နောက် ကမ္ဘာ့စည်းမျဉ်းသစ်နဲ့ ပထဝီနိုင်ငံရေးမျှခြေ အသစ်တို့ဟာ ရှေ့ဆက်တိုးနေပြီး  ပထဝီနိုင်ငံရေးမျှခြေအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှု ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပုံစံအသစ်နဲ့ ဖော်ဆောင်ရာမှာ မိမိတို့ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်က ထင်သာမြင်သာရှိပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။ 

ကိုဗစ်ကပ်ရောဂါကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အိန္ဒိယနိုင်ငံ၏ လုပ်ဆောင်ချက်များသည် ၎င်း၏ စွမ်းဆောင်ရည်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။ ကိုဗစ်ကာလတွင် ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်များ ထိခိုက်ခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများသည်ပင် ထိုအချိန်က ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အိန္ဒိယသည် လူသားဗဟိုပြုချဉ်းကပ်နည်းကို အသုံးပြုခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

"အခုဆိုရင် အိန္ဒိယဟာ ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ အသံဖြစ်လာပါတယ်၊ အိန္ဒိယရဲ့ ကြွယ်ဝမှုနဲ့ အမွေအနှစ်တွေဟာ ကမ္ဘာကြီးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်” ဟု ၎င်းက ဆိုသည်။

“အိန္ဒိယဟာ အခုချိန်မှာ ရပ်တန့်သွားတော့မှာမဟုတ်ဘူးလို့ ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်၊ အကဲဖြတ် အဆင့်သတ်မှတ်ပေးတဲ့ အေဂျင်စီတွေအားလုံးက အိန္ဒိယကို ချီးမွမ်းနေကြပါတယ်။ အခွင့်အရေးက မိမိတို့ လက်ထဲမှာပါ၊ အဲ့ဒါကို လက်လွှတ်ခံလို့ မဖြစ်ပါဘူး၊ အိန္ဒိယရဲ့ စွမ်းဆောင်ရည်ကို တစ်စက်ကလေးမှ သံသယ မဝင်ပါနဲ့” လို့ ၎င်း၏ ၁၀ ကြိမ်ဆက်တိုက် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။ 

“ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို ပုံဖော်ရာမှာ အိန္ဒိယပြည်သူတွေရဲ့ စွမ်းဆောင်ရည်တွေက ထင်ရှားပါတယ်။ အိန္ဒိယရဲ့ အကြီးမားဆုံး စွမ်းဆောင်ရည်က ယုံကြည်မှု - အစိုးရအပေါ်၊ နိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ အိန္ဒိယအပေါ် ကမ္ဘာကြီးရဲ့ ယုံကြည်မှု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ လူငယ်များ၏ ပူးပေါင်းပါဝင်မှုကို ၎င်းက ချီးကျူးခဲ့ပြီး မြို့ကြီးများမှ လူငယ်များသည် စွန့်ဦးတီထွင် လုပ်ငန်းများအပါအဝင် နယ်ပယ်အသီးသီးတွင် များစွာ အကျိုးပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။

Geopolitics is changing, India becoming voice of global south: PM Modi
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly