ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့က တရုတ်၏ နောက်ဆုံးဖန်တီးထားသည့် မြေပုံသစ်ကို ပယ်ချ

By India Blooms 
07 September 2023
ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့က တရုတ်၏ နောက်ဆုံးဖန်တီးထားသည့် မြေပုံသစ်ကို ပယ်ချ

ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အချုပ်အခြာအာဏာကို ဖော်ပြထားသည့် မကြာသေးမီက ထုတ်ပြန်ခဲ့သော တရုတ်မြေပုံသစ်ကို ပယ်ချခဲ့သလို အိန္ဒိယကလည်း အိမ်နီးချင်းတရုတ်ကို နယ်မြေချဲ့ထွင်မှုအတွက် ပြစ်တင်ဝေဖန်လိုက်သည်။

မလေးရှားရေပိုင်နက်ဧရိယာထိ ချဲ့ထွင်ထားသည့် ၂၀၂၃ ခုနှစ် တရုတ်စံမြေပုံတွင် တရုတ်၏ တောင်တရုတ်ပင်လယ်ပိုင်နက်ဖော်ပြချက်ကို အသိအမှတ်မပြုကြောင်းနှင့် သံတမန်ရေးအရ ကန့်ကွက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ဖိလစ်ပိုင်အစိုးရကလည်း တရုတ်အနေဖြင့် နိုင်ငံတကာဥပဒေအောက်တွင် တာဝန်သိစွာ ပြုမူရန်နှင့် တာဝတ္တရားများကို လိုက်နာရန် တောင်းဆိုခဲ့သည်။

ဖိလစ်ပိုင်က ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက်နေ့တွင် တရုတ်သဘာဝသယံဇာတဝန်ကြီးဌာနမှ ထုတ်ပြန်သော ၂၀၂၃ ခုနှစ် တရုတ်စံမြေပုံတွင်  တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ နယ်နိမိတ်များကို ပြသထားသော ရေပိုင်နက် ၉ နေရာသတ်မှတ်ချက် (ယခု ရေပိုင်နက် ၁၀ နေရာဖော်ပြထား) ကို ထည့်သွင်းဖော်ပြထားသဖြင့် လက်မခံကြောင်း ထုတ်ပြန်ခဲ့သည်။

“ဖိလစ်ပိုင်ရဲ့ပိုင်နက်နဲ့ ရေကြောင်းဇုန်တွေအပေါ် တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တရားစီရင်ပိုင်ခွင့် တရားဝင်ဖြစ်စေဖို့ ဒီနောက်ဆုံးကြိုးပမ်းချက်ဟာ နိုင်ငံတကာဥပဒေ အထူးသဖြင့် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) အရ အခြေအမြစ်မရှိပါဘူး" ဟု ဆိုသည်။

တရုတ်၏ နောက်ဆုံးထုတ် စံမြေပုံနှင့်ပတ်သက်ပြီး ထိုင်ဝမ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်လျူက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ကြောင်းနှင့် ထိုင်ဝမ်၏ အချုပ်အခြာအာဏာအပေါ် တရုတ်အစိုးရ၏ ရပ်တည်ချက် မည်သို့ပင် ဖြစ်ပါစေ ထိုင်ဝမ်၏ အမှန်တကယ်တည်ရှိနေမှုကို မပြောင်းလဲနိုင်ကြောင်း ပြောသည်။

အလားတူ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖန်သူဟန်က တောင်တရုတ်ပင်လယ်တွင် တရုတ်ဖော်ပြထားသော ပိုင်နက်သတ်မှတ်ချက်အားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယကလည်း ၎င်းပိုင်နက်ကို ထည့်သွင်းဖော်ပြထားသော ၂၀၂၃ ခုနှစ် တရုတ်မြေပုံသစ်ကိစ္စအပေါ် သံတမန်လမ်းကြောင်းမှတစ်ဆင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ အိန္ဒိယနိုင်ငံခြာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘာချီက တရုတ်မြေပုံသစ်သည် အခြေအမြစ်မရှိသောကြောင့် ဖော်ပြချက်အားလုံးကို အိန္ဒိယအနေဖြင့် ပယ်ချကြောင်း တုံ့ပြန်ခဲ့သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက "တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်က တစ်သမတ်တည်းဖြစ်ပြီး ပြတ်သားရှင်းလင်းပါတယ်" ဟု မြေပုံပါအကြောင်းအရာအသစ်များနှင့်ပတ်သက်ပြီး ဖြေကြားခဲ့သည်။  

Philippines, Malaysia, Taiwan and Vietnam reject China's latest map
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required