တီးတိန်မြို့တွင် လက်နက်ကြီးကျည်ကျ၍ နေအိမ် ၃ လုံးထိခိုက်ပျက်စီး

By ကိုခင်မောင် (မဇ္ဈိမ)
18 August 2023
တီးတိန်မြို့တွင် လက်နက်ကြီးကျည်ကျ၍ နေအိမ် ၃ လုံးထိခိုက်ပျက်စီး
ပုံအညွှန်း။    ။ တီးတိန်တွင် သြဂုတ်လ ၁၇ရက် ည၌ လက်နက်ကြီးပစ်ခတ်၍ ပျက်စီးသွားသော အိမ်များ (ဓာတ်ပုံ- CJ)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် လက်နက်ကြီးကျည်ကျ၍ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးသွားကြောင်း  PDF- Zoland နှင့် မြို့နေဒေသခံများထံက သိရသည်။

“လူနေအိမ်သုံးလုံး ထိမှန်တယ်။ ကြီးကြီးမားမားပျက်စီးသွားတာတော့ မဟုတ်ဘူး၊CMBC ဘုရားကျောင်း အနီးမှာ ၄၀မမ လက်နက်ကြီးတစ်လုံး ကျတယ်။ ပေါက်ကွဲတာတော့မရှိဘူး။ ဒီမနက်ပိုင်းမှာတင် အဲဒီလက်နက်ကြီးကို လာကောက်သွားတယ်လို့ပြောတယ်။ ဘယ်သူတွေလာကောက်တာလဲတော့ သေချာမသိဘူး” ဟု တီးတိန်မြို့နေဒေသခံက မဇ္စျိမသို့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲနေသော နေရာသုံးခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့လက်နက်ကြီးပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့ သြဂုတ်လ ၁၇ရက် ည ၁၁ နာရီ အချိန်ခန့်တွင် တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော အထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံး၊ ဆက်သွယ်ရေးရုံး နှင့် တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး နေထိုင်ရာ ထွမ်းဗုမ်ရိပ်သာတို့ကို PDF- Zolandက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ခလရ (၂၆၉)တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ တီးတိန်မြို့ ၊ မြို့မရပ်ကွပ်ရှိ 
ဦးခိုင်ခန့်ကပ်၏ နေအိမ်၊ ဦးထန်ဒိုးလျန်း၏ နေအိမ်နှင့်  ကျိမ်နွဲရိပ်သာ အပါအဝင် နေအိမ်သုံးလုံး ပျက်စီးသွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့က မနေ့ည ၁၁နာရီကျော်ကျော်လောက်မှာ တီးတိန် ထွေအုပ်ရယ်၊ micro ရုံးမှာရှိတဲ့ စစ်ခွေးတွေရယ်၊  တီးတိန် AD (အုပ်ချုပ်ရေးမှူး)ရှိနေတဲ့ ထွမ်းဗုမ်ရိပ်သာရယ် အဲဒီသုံးနေရာကို သတိပေးတဲ့သဘောနဲ့ သွားပစ်တာပါ။ ဘာလို့လဲဆိုတော့ ဟိုတခါစစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက 'တီးတိန်ကို ထန်တလန်မြို့လို လုပ်ချင်ရင်လုပ်လို့ရတယ်။မိုက်တဲ့လူထွက်ခဲ့' ဆိုပြီးတော့ ဇိုလဲန်းကို စိန်ခေါ်နေတယ်။အဲတာကြောင့် ကျွန်တော်တို့က သွားပစ်တာပါ” ဟု PDF- Zoland မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ခန့်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုများရှိနိုင်ကာ အသေးစိတ်အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး PDF- Zoland အဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် တီးတိန်မြို့ ထွေအုပ်ရုံးတွင် အင်အား ၁၀ဦးခန့်၊ ဆက်သွယ်ရေးရုံးတွင် ၁၅ဦးကျော်နှင့် တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးနေထိုင်ရာ ထွမ်ဗုမ်းရိပ်သာတွင် ၁၀ဦးခန့်ဖြင့် နေရာယူတပ်စွဲထားသည်ဟု  PDF- Zolandမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် တီးတိန်မြို့နေ ဒေသခံများအနေဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ မစ်ရှင်ဖော်ဆောင်ရာတွင် သတင်းအချက်အလက်များအား စစ်ကောင်စီတပ်ဖွဲ့ထံသို့ သတင်းပေးခြင်းများ မပြုလုပ်ကြရန် PDF- Zolandက အထူး‌ မေတ္တာရပ်ခံ တောင်းဆိုထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly