စစ်တပ်အရေးပေါ်ကာလ သက်တမ်းတိုးမှုနှင့်တရားမဝင်အုပ်ချုပ်မှုကြာနေခြင်းကို စိုးရိမ်ကြောင်း ကနေဒါသံရုံးထုတ်ပြန်

By မောင်ခက်နွေ (မဇ္ဈိမ)
02 August 2023
စစ်တပ်အရေးပေါ်ကာလ သက်တမ်းတိုးမှုနှင့်တရားမဝင်အုပ်ချုပ်မှုကြာနေခြင်းကို စိုးရိမ်ကြောင်း ကနေဒါသံရုံးထုတ်ပြန်
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများ(ပုံဟောင်း)

မြန်မာစစ်တပ်က အရေးပေါ်ကာလ သက်တမ်းတိုးမှု၊စစ်အုပ်ချုပ်ရေးပြဌာန်းထားမှုနှင့် တရားမဝင် အုပ်ချုပ်နေမှုအပေါ် အလွန်စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးက သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီက ဇူလိုင် ၃၁ရက်တွင်  အရေးပေါ်ကာလသက်တမ်းခြောက်လထပ်တိုးပြီးနောက် မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးက ဩဂုတ်လ ၁ ရက်တွင် အင်္ဂလိပ်၊မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

" ကနေဒါနိုင်ငံသည် မြန်မာစစ်တပ်၏ အရေးပေါ်ကာလ သက်တမ်းတိုးမှု၊ မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ပြဌာန်းထားမှု၊ မြန်မာနိုင်ငံအပေါ် စစ်တပ်၏ တရားမဝင်အုပ်စိုးမှုများကို ကြာရှည်စေခြင်းတို့အပေါ် ပြင်းထန်စွာ စိုးရိမ်ပူပန်မိပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူများသည် ဒီမိုကရေစီအရေးအတွက် ရဲဝံ့ခဲ့ကြပြီး  လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကိုလေးစားရန်တောင်းဆိုခြင်းနှင့် စစ်တပ်၏ အကြမ်းဖက်မှုများကို ရင်ဆိုင်ရာတွင် ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း ပြသနိုင်ခဲ့သည်ဟု ကနေဒါသံရုံးက ဖော်ပြထားသည်။ 

ထို့အပြင် ဒီမိုကရေစီနည်းလမ်းကျရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာသိမ်းဖြုတ်ချခဲ့ခြင်းအား ရှုတ်ချကြောင်းနှင့်မြန်မာပြည်သူများ၏ ဒီမိုကရေစီအပေါ် စိတ်အားထက်သန်မှုကို ထောက်ခံအားပေးသည်ဟု ဆိုသည်။

လူနည်းစု တိုင်းရင်းသားများနှင့် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ ရိုဟင်ဂျာ အကျပ်အတည်း၊ စစ်အာဏာသိမ်းမှုနှင့် အရေးပေါ် အခြေအနေ ဆက်လက်ကြေညာနေမှုများ၏ အရင်းခံ အကြောင်းအရင်းများကိုလည်း အဖြေရှာရန် လိုအပ်သည်ဟု ဖော်ပြထားသည်။လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ရှိသူများ တာဝန်ခံမှုရှိစေရန်၊ အကြမ်းဖက်မှုများကျူးလွန်ရာတွင် သုံးသည့် လက်နက်များနှင့် ပစ္စည်းကိရိယာများရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းများကို ရပ်ဆိုင်းရန်၊ မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ် ချက်များကို ဖြည့်ဆည်းပေးရန်လည်း  နိုင်ငံတကာ အသိုက်အဝန်းထံတိုက်တွန်းထားသည်။ မြန်မာ နိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံအဖွဲ့၏ဦးဆောင်မှုကို ဆက်လက် ထောက်ခံသည်ဟုဆိုထားသည်။

လူမှုကွန်ရက်မှတဆင့် ကနေဒါသံရုံး၏ အထက်ပါထုတ်ပြန်ချက်အောက်တွင် မြန်မာနိုင်ငံသားအချို့က မှတ်ချက်အမျိုးမျိုး ရေးသားထားကြသည်။ 

လူမှုကွန်ရက် သုံးစွဲသူတဦးက "သဘောထားထုတ်ပြန်ချက်အတွက် ကျေးဇူးတင်ပါတယ်။စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီ ထွန်းကားရေးအတွက် မြန်မာပြည်သူတွေကို ကူညီပေးပါ" ဟု ရေးသားထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က အရေးပေါ်ကာလသက်တမ်းထပ်မံကုန်ဆုံးပြီးနောက် ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ကာ နောက်ထပ်သက်တမ်း ခြောက်လတိုးခဲ့သည်။  ယခုတကြိမ် အရေးပေါ်ကာလသက်တမ်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly