စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၆၀၀ နီးပါးသေဆုံး

စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၆၀၀ နီးပါးသေဆုံး

အကြမ်းဖက်စစ်တပ်က မတရားအာဏာလုယူပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး ၁၅၉၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ဇူလိုင်လအထိ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန် နှစ်နှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်းမှာ လူငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပေါင်း ၁၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၅၉၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုး ပမ်း သွားမှာ ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်း၊ မကွေး၊ ကယား စတဲ့ ဒေသတွေမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရပြီးမှ နှိပ်စက် ညှဉ်းပန်းအသတ်ခံရမှုနဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တစ်ရက်တည်း တစ်ချိန်တည်း အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ၁၁ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၈၅ ကြိမ်နဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ၄၈ ကြိမ် အထိ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ရှိခဲ့တယ်လို့ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအနက် နောက်ဆုံးကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကတော့ ၂၀၂၃ ခုနှစ်ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်း ရွာ သတ်ဖြတ်မှု ဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က စုန်းချောင်းရွာကို စစ်ကောင်စီတပ်သားတွေ ရုတ်တရက် ဝင်ရောက် စီးနင်းခဲ့တာကြောင့် ၁၈ နှစ်အောက် ကလေး လေးဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၄  ဦး တစ်ရက်တည်း တစ်ချိန်တည်း အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေး ၈၁ ဦး၊ မိန်းကလေး ၄၂ ဦး၊ အမျိုးသား ၈၆၄ ဦး၊ အမျိုးသမီး ၁၅၃ ဦးနဲ့ အမည်အတိအကျ မသိရသေးသူ ၄၅၅ ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။

သတ်ဖြတ်ခံရတဲ့ ဒေသတွေကတော့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ရှမ်း၊ ရန်ကုန်၊ ပဲခူး၊ ကရင်နီ၊ မန္တလေး၊ တနင်္သာရီ၊ ကရင်၊ ရခိုင်နဲ့ ဧရာဝတီတိုင်းတို့က ဖြစ်ပါတယ်။

ဒီအထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အများဆုံးကတော့  စစ်ကိုင်း၊  ပဲခူး၊ ကချင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ် ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ဆက်လက်ချိုးဖေါက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက အရေးယူနိုင်ရေးအတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက်အစည်းအဝေး မှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့  NUG နဲ့ PDF တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီကနေ ဇူလိုင်လ ၃၀ ရက် အထိ သံဃာနဲ့ သီလရှင် လေးပါး၊ ပြည်သူ ၇၇၂ ဦးနဲ့ ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required