ဘီးလင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံး 

By YT (မဇ္ဈိမ)
27 July 2023
ဘီးလင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံး 
ဓါတ်ပုံ- (KNU) KNLA ရဲဘော်တစ်ဦး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ လာသည့် စစ်ကောင်စီယာဉ်တန်းအား တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ ဘီးလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် အင်အား ၆၀ ဝန်းကျင် စီးနင်းလာသည့် သုံးစီးပါ စစ်ယာဉ်တန်းအား အလူးလေးကျေးရွာအနီးတွင် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။ 

" မနက်ပိုင်းမှာ သုံးစီးပါတဲ့ ယာဉ်တန်းကို အလူးနားမှာ တိုက်တာရှိတယ်၊ အဲ့ဒီမှာတော့ သူတို့ဘက်ကလည်း ပစ်တော့ ပစ်ခတ်မှုတော့ ဖြစ်သွားတယ်၊ ခဏပဲ အရမ်းမကြာဘူး ၁၀ မိနစ်လောက်ပေါ့။ သူတို့ဘက်က သုံးယောက်သေ လေးဦးဒဏ်ရာရလို့ ကနဦးသိထားရတယ်၊ ညနေပိုင်းမှာလည်း ပစ်ခတ်မှုရှိတယ် " ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှလည်း ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် သုံးဦးသေဆုံး၍ လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တပ်မဟာ (၁) KNLA၊ PDF ဘက်တွင် အထိအခိုက်မရှိကြောင်း သိရသည်။ 

ထို့အပြင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က အင်အား ၆၀ ဝန်းကျင်ဖြင့် ဘီးလင်းမြို့နယ်၊ ခလောက်အင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သဖြင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မြေပြင်မှသာမက ဒရုန်းဖြင့်ပါ သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း၊ ပျက်စီး အခြေအနေအား မသိရသေးကြောင်း ဆိုသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်သို့ စစ်ကူသွားရန်လာသည့် ဖောကား ၁၂ စီးပါ စစ်ကောင်စီယာဉ်တန်းအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှု၊ လက်နက်ကြီး၊ သေနတ်များဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဘီးလင်းမြို့နယ် ပ.က.ဖ ခေါင်းဆောင်ထံက သိရသည်။

" ကျွန်တော်တို့ဘက်က ၁၇ ယောက်နဲ့သွားလုပ်တာပါ။ ရန်သူ့ယာဉ်တန်းက ၁၂ စီးသွားတဲ့အချိန်မှာ မိုင်းသုံးလုံးဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တယ်။ အဲ့ဒီမှာ သူတို့ဘက်က ရှစ်ယောက်ကျတယ်။ ၂၁ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီယာဉ်တန်းက မြဝတီဘက်ကို တက်မှာ ကျွန်တော်တို့က သတင်းရလို့ ကြိုစောင့်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်" ဟု ဘီးလင်း ပ.က.ဖ ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများကလည်း စစ်ကားပေါ်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ် တစ်ခုလုံးအတွင်း စစ်ကောင်စီယာဥ်တန်းပါ ကားသုံးစီး ပျက်စီး၍ စစ်ကောင်စီတပ်သားရှစ်ဦးသေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဆိုသည်။ 

ထို့အတူ ဇူလိုင်လ ၂၃ ရက်နေ့၊ ညနေပိုင်းကလည်း ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးရွာနှင့် ခေါ်ထီးခီးကျေးရွာအကြား မဲပလီစခန်းမှ စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော်နှင့် တပ်မဟာ (၁) ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၂) တို့အကြား ငါးမိနစ်ခန့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးတစ်ဦးသေ၍ ၎င်းကိုင်ဆောင်သည့် လက်နက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ 

ဘီးလင်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်ရင်းများအား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိသော နယ်မြေဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required