မန္တလေးတွင် ဓာတ်ခဲအားသွင်းစက် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

By 007 (မဇ္ဈိမ)
20 July 2023
မန္တလေးတွင် ဓာတ်ခဲအားသွင်းစက် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Photo Than Htay/ChanAye Rescue

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက လျှပ်စစ်ပစ္စည်း ပြုပြင်ရေးဆိုင်အတွင်း ဓာတ်ခဲအားသွင်းထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“အိမ်အပေါ်ထပ်မှာ ဓာတ်ခဲအားသွင်းစက်ထဲ အားသွင်းထားရာကနေ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်တယ်။ အဲဒီကနေ မီးစလောင်တာပါ။ ဘေးအိမ်တွေလည်းမီးကူးစက်ခဲ့တယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သူ တဦးကပြောသည်။

ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ လျှပ်စစ်ပစ္စည်းပြုပြင်ရေးဆိုင်ဖွင့်ထားသော နှစ်ထပ်အိမ်အပေါ်ထပ်မှ မီး စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် အဆိုပါနေအိမ်အပါအ၀င် နေအိမ်ငါးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၂၀ ခန့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုကို တိုင်းမီးသတ်ဦးစီးဌာနမှူးဦးဆောင်၍ အုပ်ချုပ်မှုယာဉ်သုံးစီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ်ငါးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly