မဇ္ဈိမက သတင်းသမားများအား သတင်တန်းပေးနေခြင်းကို ထိုင်းရှိ ပိုလန်သံရုံး အားပေးကူညီ

မဇ္ဈိမက သတင်းသမားများအား သတင်တန်းပေးနေခြင်းကို ထိုင်းရှိ ပိုလန်သံရုံး အားပေးကူညီ
Mizzima

ထိုင်းနိုင်ငံရှိ ပိုလန်သံရုံးနှင့် မဇ္ဈိမသတင်းဌာနတို့က ဇူလိုင် ၁၄ ရက်တွင် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးပြီး မြန်မာသတင်းသမားများ၏ စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် ပိုလန်သံရုံးမှ အမေရိကန်ဒေါ်လာ ၁၈,၅၀၀ အား ပေးအပ်ကူညီသွားမည် ဖြစ်သည်။ အဆိုပါ ရန်ပုံငွေသည် ၂၀၂၃ ၌ ပြုလုပ်မည့် မဇ္ဈိမ မီဒီယာ လေ့ကျင့်သင်ကြားမှုအဖွဲ့ MMTI ၌ မြန်မာသတင်းသမားများအတွက် လေ့ကျင့်သင်တန်းပေးခြင်း စတုတ္ထအသုတ်အတွက် ကုန်ကျစရိတ်များကို ကျခံသွားမည် ဖြစ်သည်။

“MMTI ကို အားပေးကူညီတဲ့ “ပိုလန်အကူအညီ’ စီမံကိန်းကနေပြီး မြန်မာ လူငယ် လွတ်လပ်တဲ့ သတင်းသမားတွေအတွက် အကူအညီပေးရတာ ကျွန်တော်တို့ ဝမ်းမြောက်တယ်၊ ဒီ အကူအညီက အနာဂတ်မှာ လွတ်လပ်တဲ့မီဒီယာအခင်းအကျင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပေးလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်”ဟု စာချုပ်လက်မှတ်ရေးထိုးမှု၌ ထိုင်းနိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီး H.E. Artur Dmochowski က ပြောသည်။

ပိုလန်နိုင်ငံသည် ၎င်း၏ နိုင်ငံအတွင်း၌ အပါအဝင် လွတ်လပ်သော မီဒီယာ အခွင့်အရေးအတွက် တိုက်ပွဲဝင်သည့် ရေရှည်သမိုင်းကြောင်း ရှိထားသည်။ သံအမတ်ကြီး Dmochowski ကိုယ်တိုင်က သတင်းပညာနှင့် ပတ်သက်သော နောက်ခံရှိထားသူဖြစ်ပြီး ကွန်မြူနစ်အုပ်ချုပ်သည့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပိုလန်၏ မြေအောက်သတင်းမီဒီယာ လှုပ်ရှားမှုများတွင် အဓိက ပါဝင်ခဲ့သူဖြစ်ကာ အကြိမ်ကြိမ် ဖမ်းဆီးခံရသူလည်း ဖြစ်သည်။

“ပိုလန်မှာတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ဒီမိုကရေစီနိုင်ငံမှာ နေနေရတယ်ဆိုပြီး အရမ်းကံကောင်းတယ်လို့ ထင်လို့ရတယ်၊ ပိုလန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးလို့ သတ်မှတ်ထားတာ ဖြစ်တယ်၊ လွတ်လပ်တဲ့  မီဒီယာတွေက ကွဲပြားခြားနားတဲ့ အမြင်သဘောထားတွေကို ဖော်ပြကြတယ်”ဟု သံအမတ်ကြီးက မှတ်ချက်ပြုသည်။ “ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့တွေ စိန်ခေါ်မှုတွေ အတောမသတ် ကြုံခဲ့ရတယ်၊ အထူးသဖြင့် ၂၀ ရာစုက ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာ နေရချိန်ကပေါ့၊ ဒါကြောင့် အခြေခံလူသားလွတ်လပ်ခွင့် ချို့တဲ့တာဟာ ဘယ်လိုဆိုတာကို ကျွန်တော်တို့တွေ နားလည်တယ်၊ ဒါကြောင့် မြန်မာနိုင်ငံအတွက် အထူးသဖြင့် မဇ္ဈိမအတွက် ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ မကြာခင် ရရှိခံစားရဖို့ ဆုတောင်းပေးတယ်”ဟု ၎င်းက ပြောသည်။

မဇ္ဈိမအပါအဝင် မြန်မာနိုင်ငံက လွတ်လပ်သော မီဒီယာများသည် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် တရားမဝင်အဖြစ် ကြေညာခံရသည်။ မြန်မာနိုင်ငံသည် နယ်စည်းမခြား သတင်းသမားများ (RSF) ၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း၌ နိုင်ငံ ၁၈၀ ရှိရာတွင် ဆိုးဝါးစွာ အဆင့် ၁၇၃ တွင် ရှိနေသည်။ အာဏာမသိမ်းခင်က အဆင့် ၁၃၉ တွင် ရှိခဲ့ခြင်း ဖြစ်သည်။

MMTI မှာ မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာနှင့် သတင်းသမားများအတွက် ပြိုင်ဘက်ကင်း ရင်းမြစ်တစ်ခုပဲ ဖြစ်သည်။ ၂၀၂၂ ဩဂုတ်တွင် ထူထောင်သော MMTI သည် မြန်မာနိုင်ငံအနှံ့မှ သင်တန်းသားများကို မြန်မာကျွမ်းကျင်သူများနှင့်  ကျော်ကြားသည့် နိုင်ငံခြားဧည့်သည်များဖြင့် သင်တန်းပေးနေခြင်း ဖြစ်သည်။

MMTI မှ မြန်မာနိုင်ငံမှ လူငယ်သတင်းသမားများအား လေ့ကျင့်သင်တန်းပေးရာတွင် ပိုလန်အပြင် လူဇင်ဘတ်နှင့် အိုင်ယာလန်အစိုးရတို့ကလည်း ရန်ပုံငွေ အကူအညီများ ပေးအပ်ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly