ထိုင်းနိုင်ငံတစ်ဝန်း ဖြိုခွင်းနှိမ်နင်းမှုအတွင်း တရားမဝင်သေနတ်အများအပြား ဖမ်းမိပြီး သံသယရှိသူ ရာချီ ဖမ်းဆီးခံရ

By ဘန်ကောက်ပို့စ်
23 July 2023
ထိုင်းနိုင်ငံတစ်ဝန်း ဖြိုခွင်းနှိမ်နင်းမှုအတွင်း တရားမဝင်သေနတ်အများအပြား ဖမ်းမိပြီး သံသယရှိသူ ရာချီ ဖမ်းဆီးခံရ
Photo-AFP

ထိုင်းနိုင်ငံတွင် ဇူလိုင် ၁ ရက်က စတင်သည့် တစ်လကြာ နိုင်ငံအနှံ့ ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်အတွင်း ရဲများသည် တရားမဝင် သေနတ်များနှင့် ခဲယမ်းကျည် အမြောက်အမြားကို သိမ်းဆည်းရမိပြီး သံသယရှိသူ ၉၆၆ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး တောဆက်ခ် ဆူခ်ဝီမောလ်က ဇူလိုင် ၂၃ ရက်တွင် ပြောသည်။

ဇူလိုင် ၂၁ ရက်အထိ ရဲများသည် နိုင်ငံတစ်ဝန်း ပစ်မှတ် ၁,၆၅၈ ခုကို စီးနင်းခဲ့ရာ သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် သေနတ် ၉၁၁ လက်၊ ကျည်မျိုးစုံ အတောင့် ၄၄,၅၄၀ ၊ ဖောက်ခွဲရေးပစ္စည်းနှစ်ခုနှင့် မက်သာဖက်တမင် ဆေးပြား ၆,၂၃၉ ပြားကို ဖမ်းမိခဲ့သည်ဟု ၎င်းက ပြောသည်။

စီးနင်းမှုတစ်ခုတွင် ခရာဘိ ပြည်နယ် ခေါင်ဖနွမ် ခရိုင်မှ ရဲများသည် မူးယစ်မှု၊ လူသတ်ရန် ကြိုးပမ်းမှု စွဲချက်များဖြင့် အလိုရှိသည့် အသက် ၂၈ နှစ်အရွယ် ဘွန်းမ် အမည်ရှိ သံသယတရားခံတစ်ဦး ပိုင်သော နာခေါင် အရပ်ရှိ နေအိမ်တစ်လုံးကို ဝိုင်းခဲ့ကြသည်။

ယင်းအချိန်တွင် တရားခံသည် နေအိမ်အနောက်ဘက်မှ ဆိုင်ကယ်ဖြင့် ထွက်ပြေးသည်။ ရဲများက ဆက်လိုက်ချိန်တွင် ၎င်းက သေနတ်ဖြင့် ပြန်ပစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွင် အဆိုပါ သံသယရှိသူ သေဆုံးသွားကြောင်း ဆူခ်ဝီမောလ်ကပြောသည်။

၎င်းထံမှ ပစ္စတိုသေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် မီးခိုးဗုံးနှစ်လုံး သိမ်းဆည်းရမိသည်။

တရားမဝင် လက်နက်များ၊ အငှားသေနတ်သမားများနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို ဇူလိုင် ၁ ရက်မှ ၃၀ ရက်အထိ ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး ဆမ်ရမ် နူအယ်မာ၏ ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly