ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က နိုင်ငံရင်း ပြန်ရန်ကို ရွှေ့ဆိုင်း 

By Channel News Asia 
05 August 2023
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က နိုင်ငံရင်း ပြန်ရန်ကို ရွှေ့ဆိုင်း 
Photo-AFP

ထိုင်းနိုင်ငံတွင် မေလ အထွေထွေရွေးကောက်ပွဲ၌ စစ်တပ်နောက်ခံသည့် ပါတီများ၏ အတိုက်အခံတို့ အနိုင်ရပြီးနောက် နိုင်ငံရေး သောင်မတင် ရေမကျ အခြေအနေကို ကျောလွှားနိုင်ရေး ရုန်းကန်နေရစဉ် ကိုယ်တိုင်ပြည်ပြေးသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာက ထိုင်းနိုင်ငံသို့ ပြန်လာမည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း စနေနေ့တွင် ပြောသည်။ 

ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်သည် ၂၀၀၁ ခုနှစ်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် စစ်တပ်၏ ဖြုတ်ချခြင်း ခံခဲ့ရသူ ဖြစ်သည်. အာဏာအလွဲသုံးစားမှု ပြစ်ဒဏ်ကို ရှောင်လွှဲရန်အတွက် ၎င်းသည် ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပသို့ ကိုယ်တိုင် ထွက်ပြေးခဲ့သူဖြစ်သော်လည်း ထိုင်းနိုင်ငံရေးတွင် အရိပ်လွှမ်းဆဲ ဖြစ်သည်။ ၎င်းအပေါ် စွဲဆိုသော ပြစ်ဒဏ်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှု၌ ၎င်း၏ အစိုးရကို ဖြုတ်လိုက်ပြီးနောက် နိုင်ငံရေးစေ့ဆော်မှုအရ ဖြစ်သည်ဟု သက်ဆင်က ဆိုသည်။ 

မိမိအနေဖြင့် ကျန်းမာရေး စစ်ဆေးရန် လိုအပ်နေပြီး မူလက ဩဂုတ် ၁၀ ရက်၌ ထိုင်းသို့ ပြန်မည့်အစီအစဉ်ကို သီတင်းပတ်အတန်ကြာအထိ နှောင့်နှေးထားရမည်ဖြစ်ကြောင်း တွစ်တာဟု ယခင်က သိခဲ့သည့် လူမှုမီဒီယာပလက်ဖောင်း X တွင် စနေနေ့၌ သက်ဆင်က ပို့စ်တင် ပြောဆိုသည်။ 

သက်ဆင်သည် မေရွေးကောက်ပွဲ၌ တိုးတက်ရေးပါတီ ရှေ့သို့ချီပါတီနောက် ဒုတိယအနိုင်ရသည့် ဖျူထိုင်းပါတီကို ကျောထောက်နောက်ခံ ပြုထားသည်။ 

အဆိုပါ အနိုင်ရ ပါတီနှစ်ရပ်သည် စိတ်သဘောထား တူညီသည့် မိတ်ဖက် ခြောက်ပါတီနှင့်အတူ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းလျက် ရှိသော်လည်း စစ်တပ်ခန့်အပ်သည့် အမတ်များနှင့် ကွန်ဆာဗေးတစ်များ ကြီးစိုးသော ဆီးနိတ်လွှတ်တော်၌ ပိတ်ဆို့ခံထားရသည်။ 

ယခု သီတင်းပတ်အစောပိုင်းတွင် ရှေ့သို့ချီပါတီ မပါဘဲ အစိုးရဖွဲ့နိုင်ရေးအတွက် ဖျူထိုင်းပါတီက ဦးဆောင် ကြိုးပမ်းလာခဲ့သည်။ ရှေ့သို့ချီပါတီမှာ ၎င်း၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် စစ်တပ်လိုလားသော ကွန်ဆာဗေးတစ်များ၏ အတိုက်အခံပြုမှုကြောင့် အရာမထင် ရှိနေခဲ့သည်။ 

စစ်အုပ်ချုပ်ရေး၌ ရေးဆွဲသော ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်အား မဲပေးရွေးကောက်ရန် ရွေးကောက်ခံ အောက်လွှတ်တော်နှင့် ခန့်အပ်ခံ ဆီးနိတ်လွှတ်တော်တို့မှ ပူးတွဲမဲပေးရန် လိုအပ်ခြင်း ဖြစ်သည်။ 

ရွေးကောက်ပွဲ၌ မဲအများဆုံး အနိုင်ရသည့် ရှေ့သို့ချီပါတီသည် အကြီးအကဲ ဖိထာ လင်ဂျာရွန်ရတ်အား ဝန်ကြီးချုပ်အဖြစ် အတည်ပြုရေး နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း နှစ်ကြိမ်စလုံး ပိတ်ဆို့ခံရသည်။ 

ဖျူထိုင်းပါတီက အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဝီဆင်းကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမည်ဟု ယခု သီတင်းပတ်အစောပိုင်းက ပြောထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly