အာရှတွင် ဆန်ဈေးက ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ထိုးတက်

အာရှတွင် ဆန်ဈေးက ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ထိုးတက်
Photo-AFP

ထိုင်းနိုင်ငံတွင် ခြောက်သွေ့ရာသီက စပါးအထွက်နှုန်းပေါ် ခြိမ်းခြောက်နေခြင်းနှင့် ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယက တင်ပို့မှုအချို့ကို တားမြစ်ထားခြင်းတို့ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်အဝင်ပေါ် စိုးရိမ်မှုများ မြင့်တက်နေခြင်းအားဖြင့် အာရှတွင် ဆန်ဈေးသည် ၁၅ နှစ်နီးပါးအတွင်း အမြင့်ဆုံးသို့ ထိုးတက်သည်။

အာရှ၏ စံအမှတ်ဖြစ်သော ထိုင်း (၅)မှတ်တန် ဆန်ဖြူဈေးသည် ၂၀၀၈ အောက်တိုဘာမှနောက်ပိုင်း ဈေးအကြီးဆုံးအဖြစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၈ ဒေါ်လာဈေးအထိ ခုန်တက်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဗုဒ္ဓဟူးနေ့ အချက်အလက်အရ သိရသည်။

ဆန်သည် အာရှနှင့် အာဖရိကတွင် ပြည်သူ ဘီလီယံပေါင်းများစွာအတွက် မရှိမဖြစ် အာဟာရဖြစ်ကာ ဆန်ဈေး ထိုးတက်ခြင်းကြောင့် ကုန်ဈေးနှုန်းတက်သည့် ဖိအားများနှင့် ဝယ်ယူသူများအတွက် သွင်းကုန်အခွန် တိုးမြှင့်ခြင်းများ ထပ်ဆောင်း ဖြစ်လာနိုင်သည်။

ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အစ ခြောက်သွေ့အခြေအနေကို ရင်ဆိုင်နေရခြင်းကြောင့် ရေနည်းပါးစွာ လိုအပ်သည့် ကောက်ပဲသီးနှံများ ပြောင်းစိုက်ရန် အာဏာပိုင်များက လယ်သမားများအား တွန်းအားပေးနေခြင်းအားဖြင့် ကမ္ဘာ့ဆန်ဈေးကွက်အဝင်ပေါ် ခြိမ်းခြောက်မှု ရှိလာခြင်း ဖြစ်သည်။

အဓိက စပါးစိုက်ရာ ဒေသများ၌ မိုးရွာသွန်းမှုသည် ပုံမှန်အောက် ၄၀ ရာခိုင်နှုန်း ရောက်ရှိနေသဖြင့် အိမ်ထောင်စုများ သုံးစွဲရန် ရေကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သောကြောင့် စပါးစိုက်ပျိုးမှု လျှော့ချရန် တွန်းအားပေးလာရခြင်း ဖြစ်သည်။ အစိုးရက လယ်စိုက်တောင်သူများအား ယခုနှစ်၌ တစ်သီးသာ စိုက်ကြရန် ယခင်က တိုက်တွန်းထားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံကလည်း ပြည်တွင်းဆန် ဈေးကွက်အဝင်ကို ကာကွယ်ရန် တင်ပို့မှုအချို့ကို ပြီးခဲ့သည့်လက တားမြစ်ခြင်းကြောင့် အချို့သောနိုင်ငံများတွင် စိုးရိမ်ပူပန်မှုဖြင့် အလုအယက် ဝယ်ယူမှုများ ဖြစ်ခဲ့သည်။ ထိုသို့ တားမြစ်ခြင်းကြောင့် ကြီးထွားလာသော ကမ္ဘာ့စားသုံးမှုကြားတွင် ကမ္ဘာလုံးဆိုင်ရာ ဆန်ရှားပါးမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်ရသည်။

ယခုကဲ့သို့ ဈေးထိုးတက်ခြင်းကြောင့် ယူကရိန်အား ရုရှကျုးကျော်စစ်ကြောင့် ပင်လယ်နက်ဒေသမှ ဈေးကွက်တင်ပို့မှု လျော့ကျသဖြင့် လှုပ်ခတ်ပြီးသား ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးကွက်တွင် ဖိစီးမှုများ တိုးများစေသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly