ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ဖူးခက်သို့ ထိုင်းဝန်ကြီးချုပ်သစ် ပထမဆုံး သွားရောက် 

By Reuters 
25 August 2023
ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ဖူးခက်သို့ ထိုင်းဝန်ကြီးချုပ်သစ် ပထမဆုံး သွားရောက် 
Photo-AFP

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းသည် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဖြင့် စီးပွားရေး ပြန်လည်ဦးမော့မှုကို တွန်းတင်ရန် ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် ဖူးခက်အပန်းဖြေကျွန်းသို့ သောကြာနေ့တွင် သွားရောက်သည်။ 

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် အားနည်းသော ကမ္ဘာ့ဝယ်လိုအားကြောင့် အဓိကပို့ကုန်ကဏ္ဍ ကျဆင်းရာ ဧပြီမှ ဇွန်လအတွင်း စီးပွားရေးဖွံ့ဖြိုးမှုက တစ်နှစ်ကထက် ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ပြီးခဲ့သော သုံးလတာကထက် သိသိသာသာ နှေးကွေးနေသည်။ 

စီမံကိန်းဌာနကလည်း စီးပွားရေးဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို ၂ ဒသမ ၇ မှ ၃ ဒသမ ၇ ရာခိုင်နှုန်းမှသည် ၂ ဒသမ ၅ မှ ၃ ဒသမ ၀ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းခဲ့သည်။ 

သို့ရာတွင် ခရီးသွားလုပ်ငန်းမှာ အားကောင်းလာနေဆဲ ဖြစ်ကာ ယခုနှစ်အတွက် နိုင်ငံခြားဧည့်သည် ၂၉ သန်း ရောက်ရှိရန် အစိုးရက ရည်မှန်းထားသည်။ ယင်းသည် ဘတ်ငွေ ၁ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၄၀ ဘီလီယံ) သုံးစွဲခဲ့ကြသော ၂၀၁၉ ကပ်ဘေးမတိုင်ခင်က စံချိန်တင် ဧည့်သည်လာရောက်မှု၏ လေးပုံသုံးပုံနီးပါး ဖြစ်သည်။ 

ယခုနှစ်တွင် တရုတ်မှ ဧည့်သည် ၁၁ သန်းနီးပါး လာရောက်ထားသည်။ 

“လက်ရှိမှာ တရုတ်ဧည့်သည် ၃၀ ရာခိုင်နှုန်းပဲ လာရောက်သေးတယ်”ဟု အိမ်ခြံမြေလုပ်ငန်းရှင်လည်းဖြစ်သည့် ဆရတ်သာက သတင်းထောက်များအား ပြောသည်။ 

“တရုတ်ဧည့်သည်တွေဟာ အရေးပါတဲ့ အပိုင်းမှာ ပါတယ်၊ တရုတ်မှာ စီးပွားရေး နှေးကွေးနေတာကြောင့် ပြည်ပခရီးသွားလုပ်ငန်းကို အားမပေးနိုင် ဖြစ်နေတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ တိုင်းပြည်ဆီ လာရောက်လည်ပတ်ရေးမှာ ပိုမိုလွယ်ကူအဆင်ပြေအောင် လုပ်ပေးဖို့ လိုတယ်”ဟု ၎င်းက ပြောပြီး ဗီဇာလိုအပ်ချက် လျှော့ချခြင်းမျိုးကို အကြံပြုသည်။ 

နိုင်ငံရေး လူသစ်တန်းဖြစ်သော ဆရတ်သာသည် လွန်ခဲ့သော လအနည်းငယ်က အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး လွှတ်တော်မဲပေးမှုတွင် အလွယ်တကူ အနိုင်ရကာ ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။ 

ဆရတ်သာ အနေဖြင့် ၎င်း၏ ဖျူထိုင်းပါတီနှင့် ယှဉ်ပြိုင်ဘက် ပါတီများအပါအဝင် လူစုံသော ၁၁ ပါတီညွန့်ပေါင်းအဖွဲ့မှ အစိုးရအဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်သွားရမည် ဖြစ်သည်။ 

လာမည့်နှစ်၌ ခရီးသွားလုပ်ငန်းမှ ဝင်ငွေကို ဘတ် ၃ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၉၃ ဒသမ ၉၉ သန်း) ရရှိရန် ရည်ရွယ်ထားကြောင်း ဆရတ်သာက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly